ဖက်ရှင်ကျကျဝတ်စားထားတဲ့ အမျိုးသားတစ်ယောက်က မိန်းကလေးတွေကို အသက်ရှုမှားလောက်အောင် ဆွဲဆောင်နိုင်ပါတယ်။ တကယ်လို့ သင်က ကောင်မလေးတွေကြည်တဲ့ ဆော်ကြည်ဘဲဖြစ်ချင်တယ်ဆိုရင်တော့ စမတ်ကျကျဝတ်စားတတ်ဖို့ပဲလိုပါတယ်။ စမတ်ကျကျဝတ်စားထားတယ်ဆိုတာကလည်း ဈေးကြီးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်ဖို့ပဲလိုတာပါ။ ဒါ့ကြောင့် ပျိုမေလေးတွေ တဖြုတ်ဖြုတ်ကြွေသွားအောင် ဘယ်လိုဝတ်စားသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Denim ဂျက်ကတ်ဝတ်ဆင်ပါ

တီရှပ်အင်္ကျီကို အောက်ကတစ်ထပ် ဝတ်ထားပြီး ဘောင်းဘီအရောင်ရင့်ရင့်လေးဝတ်ထားပါ။ ပြီးမှ Denim ဂျက်ကတ်လေးဝတ်ဆင်လိုက်ပါ။ ဖိနပ်ကိုကျတော့ ခြေမျက်စိဖုံးတဲ့ ဘွတ်ဖိနပ်လေးတွေဝတ်ဆင်လိုက်ပြီး ဘောင်းဘီကို အောက်အနားစ ခေါက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပြည့်စုံတဲ့ ဖက်ရှင်ပုံစံလေးရရှိသွားပါပြီ။ ဒီ့ထက် စမတ်ကျချင်တယ်ဆိုရင်တော့ အောက်က တီရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်ပြီး ခါးပတ်ပေါ်အောင် ဝတ်ဆင်လိုက်လို့လည်း ရပါတယ်။

ခေါင်းစွပ်အင်္ကျီတွေဝတ်ဆင်ပါ

ဒီလိုရာသီဥတုနဲ့ဆိုရင်တော့ ခေါင်းစွပ်အင်္ကျီလက်ရှည်တွေက အင်မတန်ဝတ်လို့ကောင်းပြီး စတိုင်လ်ကျပါတယ်။ အညိုနုခေါင်းစွပ်အင်္ကျီကို စတိုင်လ်ဘောင်းဘီအမဲလေးနဲ့ ဝတ်လိုက်ရင်တော့ ကိုရီးယားမင်းသားတွေလို ခန့်ချောကြီးဖြစ်နေမှာပါ။ ဒါမှမဟုတ် အဖြူရောင်အင်္ကျီလေးဆိုရင်တော့ သန့်သန့်ပြန့်ပြန့်လေးနဲ့ တည်ကြည်ခန့်ညားနေမှာ အမှန်ပါပဲ။

သားရေဂျက်ကတ်ဝတ်ဆင်ပါ

စောစောကပြောခဲ့တဲ့ Denim ဂျက်ကတ်ကို အမြဲတမ်းဝတ်ဆင်နေမယ်ဆိုရင်တော့ သင့်ရဲ့ဖက်ရှင်က တစ်ခါလာလည်း ဒီစတိုင်လ်၊ နှစ်ခါလာလည်း ဒီစတိုင်လ်ဆိုပြီး ကောင်မလေးတွေ မှတ်မိသွားမှာပေါ့။ စတိုင်လ်အပြောင်းအလဲလေးဖြစ်အောင် သားရေဂျက်ကတ်လေး ပြောင်းဝတ်ကြည့်လိုက်ပါ။ သားရေဂျက်ကတ်ကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်မယ်ဆိုရင်တော့ အင်မတန်လိုက်ဖက်မှုရှိပါတယ်။

ဖက်ရှင်စည်းမျဉ်းအရ အဝတ်အစားတစ်ခုတည်းကပဲ သင့်ကို ဖက်ရှင်ကျစေတာမဟုတ်ပါဘူး။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ နေကာမျက်မှန်၊ ဦးထုပ်၊ ခါးပတ်၊ လက်ပတ်နာရီ စတာတွေကိုလည်း ဝတ်ဆင်ပေးဖို့မမေ့ပါနဲ့။ နေကာမျက်မှန်တပ်ထားတဲ့ အမျိုးသားတွေကိုလည်း မမတွေ ညီမလေးတွေက သဘောကျကြပါတယ်။

ဘော်ဒါတို့ ဆက်လေ့လာလို့ရအောင် ဖက်ရှင်ကျကျဘယ်လိုဝတ်စားကြမလဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသားထုကြီးအားလုံး ဖက်ရှင်ကျခန့်ညားပြီး မိန်းကလေးတိုင်းရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Source: galknows.com