တစ်သက်လုံး ဒီဆံပင်ပုံစံချည်းပဲ ထားသွားမှာက အတော်လေး ပျင်းဖို့ ကောင်းပါတယ်။ အသက် ၄၀ ကျော် ၅၀ ရောက်နေလို့ ဆံပင်တိုတို ဘေးပါး နောက်ပါး ခပ်ရိုးရိုးထားတာကို မပြောလိုပေမယ့် လူငယ်ဘဝမှာတော့ အနည်းဆုံး ဆံပင် ပုံစံ ၃ မျိုးတော့ ထားသင့်ပါတယ်။

ကိုယ့်ရဲ့ HairStyle ကို အမြင်သစ် အာရုံသစ်နဲ့ ပုံစံပြောင်းဖို့အတွက် စိတ်ကူးရှိထားပြီး အဲ့စိတ်ကူးကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဒီဆံပင်ပုံစံတွေကို တစ်ချက်ဝင်ကြည့်သင့်ပါတယ်။

(၁) ဘေးပါး နောက်လှန်ထားတဲ့ ဆံပင်ပုံစံ

Source: thetrendspotter

Quiff စတိုင် ဆံပင်ပုံစံဟာ မျက်နှာကျ တြိဂံပြောင်းပြန်ပုံနဲ့ လေးထောင့်ဆန်တဲ့ အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံဖြစ်ပါတယ်။ ဘေးနှစ်ဘက်ကို တိုကပ်ကပ်ထားပြီး အပေါ်ကို အနည်းဆုံး ၂ လက်မခွဲ ၃ လက်မလောက် အရှည်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နဖူးပြင်ရဲ့ ခန့်ညားမှုကို ပြသနေပြီး ထိန်းသိမ်းရလည်း အလွန်လွယ်ပါတယ်။

(၂) ဆံပင်ရှည်အလယ်ခွဲ

Source: wikifamous

ဆံပင်အရှည်ဆိုပေမယ့် Middle ဆိုဒ်လို့ ဆိုရမယ့် ၆ လက်မကနေ ၈ လက်မအထိရှည်တဲ့ ဆံပင်မျိုးကို အလယ်ကနေ ခွဲထားတာပါ။ ဒီပုံစံမျိုးဟာ ခေတ်အဆက်ဆက်ကတည်းက မရိုးတဲ့ ဖက်ရှင်ဖြစ်ပြီး လူတိုင်းနှစ်သက်ကြပါတယ်။ အထူးသဖြင့် ၁၉၉၀ မတိုင်မီ နှစ်များက မွေးလာတဲ့ သူတွေမှာ ဒါမျိုး ဆံပင်ပုံစံကို ပိုပြီးရင်းနှီးကြပါတယ်။

(၃) ဘေးခွဲပုံစံ

Source: hiscuts

ဒီဘက်ခေတ်မှာ ဘေးခွဲဆံပင်ပုံစံတွေက ပိုပြီးအတွေ့ များသလို ပိုပြီးလည်း ဆန်းသစ်လာပါတယ်။ ဆံသဆရာတွေဟာ ဘေးခွဲ ဆံပင်ကို လက်စွမ်းပြရာမှာ ပိုတော်လာတာကလည်း ဝမ်းသာစရာပါ။ ယောကျာ်းဆန်မှုနဲ့အတူ လွတ်လပ်တဲ့ဟန်နဲ့ လူတော်လူကောင်းတစ်ယောက်ရဲ့ ဥပဓိရုပ်မှာ ဘေးခွဲ ဆံပင်တွေဟာ မပါမဖြစ်ဆိုသလို ဆက်စပ်နေပါတယ်။

(၄) ဆေးဆိုးထားတဲ့ ဆံပင်ပုံစံ

Source: Diski 365

နာမည်ကျော် ဘောလုံးသမား နေမာရဲ့ ဆံပင်ပုံစံမျိုးကို ကြည့်ရင် ထူးခြားတယ်လို့ ခံစားမိစေတာ တစ်ခြားကြောင့်မဟုတ်ပါဘူး။ ငွေရောင်ဆံပင်ဆေး ဆိုးထားလို့ပါပဲ။ ဒီပုံစံဟာ လူတိုင်းနဲ့ မလိုက်ပေမယ့် လူငယ်ဘဝမှာ စမ်းထားကြည့်သင့်တဲ့ အထဲမှာပါပါတယ်။ ငွေရောင်ဆေးဆိုးမယ်ဆိုရင် ဆံပင်ကိုလည်း အရမ်းမရှည်ဘဲ Middle Cut စတိုင် ညှပ်သင့်ပါတယ်။

(၅) ဆံပင်ရှည်

Source: Men Style Fashion

လူငယ်တော်တော်များများကတော့ တစ်ခါလောက်ဖြစ်ဖြစ် ဆံပင်ရှည်ကို ပိုနီတေးလ်စီးပြီး နေကြည့်ချင်မှာပါ။ တကယ်လည်း ဒီဆံပင်ပုံစံဟာ ၂၀၁၅-၁၆ နောက်ပိုင်းမှာ ခေတ်စားနေတဲ့ ဆံပင်ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီဆံပင်ပုံစံထားဖို့က အချိန်ပေးရပါတယ်။ စိတ်လည်း ရှည်ရပြီး ပြုပြင်ထိန်းသိမ်းရတာလည်း လက်ဝင်တာပါပဲ။