အောင်မြင်မှုကို လိုလားသူတွေက ကျရှုံးမှာကို ကြောက်ရွံ့နေလို့မရပါဘူး။ ကျရှုံးမှုကို သင်ခန်းစာယူရင်း နောက်ထပ်မကျရှုံးအောင် ဆက်လက်ကြိုးစားရပါမယ်။ လဲကျတဲ့အချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ပြန်ထနိုင်အောင် ကြိုးစားရပါမယ်။ ဒါမှ အောင်မြင်မှုက ကိုယ့်အတွက်ဖြစ်မှာပါ။

ဒီတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကျရှုံးခြင်းကို ရဲရဲကြီးရင်ဆိုင်ရဲခဲ့တဲ့ ကမ္ဘာကျော် အောင်မြင်ကျော်ကြားသူတွေပဲဖြစ်ပါတယ်။

Akio Morita

Sony လို့ပြောလိုက်တာနဲ့ လျှပ်စစ်ပစ္စည်းလောကမှာ အောင်မြင်နေတဲ့ နာမည်ကြီးတံဆိပ်တစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ ကမ္ဘာ့ပထမဆုံး Sony ထုတ်ကုန်ပစ္စည်းကတော့ ထမင်ပေါင်းအိုးပဲဖြစ်ပါတယ်။ Akio Sony ကုမ္ပဏီကို တည်ထောင်ခဲ့သူ Morita က Masaru Ibuka နဲ့ ပူးပေါင်းပြီး Sony ထမင်းပေါင်းအိုးကို ထုတ်လုပ်ခဲ့တဲ့အခါမှာတော့ အရေအတွက် ၁၀၀ ပြည့်အောင်တောင် မရောင်းနိုင်ခဲ့ပါဘူး။

Source: Commons.wikimedia.org

အဲ့ဒီ့အိုးနဲ့ ထမင်းတည်ရင် ထမင်းကောင်းကောင်းကျက်ရမယ့်အစား ထမင်းလုံးဝမကျက်တာမျိုးနဲ့ ထမင်းအကျက်လွန်သွားတဲ့အဖြစ်မျိုးနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက အရှုံးထဲမှ သင်ခန်းစားပြန်ယူရင် ကြိုးစားခဲ့တဲ့နောက်မှာတော့ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များနာမည်ကြီးတဲ့ တံဆိပ်အဖြစ်ရပ်တည်နိုင်နေပါပြီ။ Morita ရဲ့ လက်စွဲဆောင်ပုဒ်ကတော့ အမှားပြုလုပ်ရမှာ မကြောက်ပါနဲ့။ ဒါပေမဲ့ တူညီတဲ့အမှားကို နှစ်ကြိမ်မလုပ်မိဖို့တော့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

Elvis Presley

လစာနည်းတဲ့ ကုန်ကားမောင်းသမားဘဝကနေ ၄.၃ ဘီလီယံဒေါ်လာ ဝင်ငွေရရှိတဲ့ သီချင်းရေးဆရာ၊ အဆိုတော်ဘဝကို ရောက်ရှိလာဖို့ ကြိုးစားတဲ့အခါမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ သူ့ရဲ့ ပထမဦးဆုံး စတိတ်စင်ဖျော်ဖြေမှုက ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုကို မရရှိခဲ့ပါဘူး။ အဲ့ဒါနဲ့ သူ့မန်နေဂျာဖြစ်သူ Jimmy Denny က စတိတ်စင်ပေါ်မှာ ဖျော်ဖြေရတဲ့အလုပ်က မင်းနဲ့ မကိုက်ဘူး။ မင်းက ကုန်တင်ကားပဲ ပြန်မောင်းနေသင့်တယ်လို့ Elvis ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ Elvis Presley က သူများစကားနားမယောင်ဘဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို မလျော့တဲ့ဇွဲနဲ့အရောက်သွားခဲ့ပါတယ်။ အခုဆိုရင် Elvis Presley ဆိုတဲ့ အနုပညာကြယ်ပွင့်က ကြွေလွှင့်ခဲ့ရပေမယ့် သူ့နာမည်နဲ့ သူ့သီချင်းတွေကတော့ ယနေ့ထိတိုင် ရှင်သန်နေဆဲပါပဲ။

Jack Ma

တရုတ်နိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင်ထားတဲ့ Jack Ma က ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာခဲ့သူမဟုတ်ပါဘူး။ ဆင်းရဲတွင်းထဲကနေ လွတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပညာတတ်မြောက်ခြင်းပဲဖြစ်တယ်လို့ ယုံကြည်ခဲ့တဲ့ Jack Ma က အထက်တန်းအောင်ပြီးနောက်မှာ ကောလိပ်တက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကောလိပ်ဝင်ခွင့်ကို နှစ်ကြိမ်တိုင်တိုင်ကျရှုံးခဲ့ပြီး ၃ ကြိမ်မြောက်ကျမှ အောင်မြင်ခဲ့သူပါ။ ၁၉၈၈ ခုနှစ်မှာ ဘွဲ့ရပြီးနောက် Hangzhou မြို့ရှိ KFC ဆိုင်မှာ အလုပ်ဝင်လျှောက်ခဲ့ပါတယ်။ ဘွဲ့လက်မှတ်ကိုင်ဆောင်ထားလျက်နဲ့ အလုပ်မရဘဲ ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါနဲ့ပဲ တက္ကသိုလ်တစ်ခုမှာ အင်္ဂလိပ်ဆရာအဖြစ်ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

Source: Menabytes.com

ဒါပေမဲ့ တဖြည်းဖြည်းနဲ့စာသင်ရတာကို ဝါသနာမပါမှန်းသိခဲ့တဲ့နောက်မှာတော့ ၁၉၉၅ မှာ အမေရိကကို ခရီးထွက်ခဲ့ပြီး သူငယ်ချင်း ၁၇ ယောက်ရဲ့ အကူအညီနဲ့ Alibab ကိုတည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီတည်ထောင်လိုက်တာနဲ့ပဲ နေ့ချင်းညချင်းအောင်မြင်သွားတာမဟုတ်ဘဲ နောက်ထပ် ၄ နှစ်အကြာ ၁၉၉၉ ခုနှစ်မှသာ သူ့ရဲ့ကုမ္ပဏီက အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိခဲ့တာပါ။  ယနေ့ထိတိုင်လည်း အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဘဝခရီးကြမ်းက ဆူးညှောင့်ခလုတ်တွေနဲ့ ပြည့်နှက်နေတာပါ။ ကံအကြောင်း အကြောင်းမလှလို့ ခလုတ်တိုက် လဲခဲ့ရင်လည်း လဲရာကနေ ပြန်ထဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ သူတို့လို့ပဲ မလျော့သောဇွဲနဲ့ကြိုးစားမယ်ဆိုရင်တော့ စာဖတ်သူတို့လည်း အောင်မြင်မှုကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဆွတ်ခူးရရှိနိုင်မှာပဲဖြစ်ပါတယ်။

Source: Nextluxury.com