အိမ်ထောင်ရှင် အမျိုးသားတွေအနေနဲ့ အိမ်မှုကိစ္စတွေမှာ ဝင်လုပ်ပေးခြင်းဟာ မိန်းမချစ်ဆေးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ရီးဗားဆိုက်မှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လူမှုဗေဒပညာရှင် စကော့ကော်လ်ထရိန်းနဲ့ မစ်ချဲလ်လီ အဒမ်စ်တို့ရဲ့ လေ့လာမှုအရ အိမ်သန့်ရှင်းရေး ကူလုပ်ပေးသူ ၊ အဝတ်လျှော် အဝတ်လှမ်းရာမှာ ကူဖော်လောင်ဖက် ဖြစ်သူ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုသဘောကျတယ်လို့ ဖော်ပြထားပါတယ်။ ဒီပညာရှင်တွေဟာ အမေရိကန်ကလေးသူငယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့အစည်းမှ အချက်အလက်တွေကို ခွဲခြား လေ့လာပြီး သုံးသပ်ခဲ့တာပါ။

Photo: Unsplash

ကော်လ်ထရိန်းနဲ့ အဒမ်စ်တို့ရဲ့ တွေ့ရှိမှုအရ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေ သန့်ရှင်းရေး ဝင်လုပ်တဲ့ အမျိုးသားတွေကို ဆွဲဆောင်မှု ပိုရှိပြီး နှစ်လိုဖွယ်အဖြစ် သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်ကို ခေတ်ပြိုင်မိသားစုများ ကောင်စီကလည်း ထောက်ခံထားပါတယ်။

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာလည်း အချိန်ပြည့်အလုပ်ကို လုပ်နေရပြီ ဖြစ်လို့ ကလေးထိန်းတာ ၊ ထမင်းဟင်းချက်တာနဲ့ သန့်ရှင်းရေးလုပ်တာလိုမျိုး အိမ်တွင်းမှု ကိစ္စတွေမှာ လင်မယားအတူ လုပ်ရတာကို ပိုပြီး ကျေနပ်နှစ်သိမ့်ကြတယ်လို့လည်း မှတ်ချက်ချထားပါတယ်။
ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေး ကျွမ်းကျင်စိတ်ပညာရှင်ဒေါက်တာဂေါ့တ်မန်ကတော့ ယောင်္ကျားသားတွေ အိမ်တွင်းရေးမှာ ဝင်ပါခြင်းကို အချစ်သင်္ကေတအဖြစ် မှတ်ယူကြပြီး အဲဒီလို ယောင်္ကျားတွေကို အမျိုးသမီးတွေက ပိုပြီး နှစ်သက်သဘောကျတယ်လို့ ဆိုပါတယ်။

Source : Shutterstock

တကယ်လို့ သင်ဟာ အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပြီး မိန်းမရဲ့ အချစ်နဲ့ ယုယမှုကို လိုချင်တယ်ဆိုရင် အိမ်တွင်းမှုကိစ္စတွေမှာ အတူလုပ်ဖို့ အကြံပြုရတော့မှာ ဖြစ်ပါတယ်။