ဖက်ရှင်လို့ဆိုလိုက်တာနဲ့ အပေါ်အင်္ကျီ၊ အောက်ဘောင်းဘီတွဲဖက်ဝတ်ဆင်လိုက်ရုံနဲ့ ဖက်ရှင်ကျတယ်လို့ မဆိုလိုနိုင်ပါဘူး။ ထိုတွဲဖက်မှုကို ပိုမိုပေါ်လွင်သွားစေဖို့အတွက် အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း လိုအပ်ပါတယ်။

ဒါပေမယ့်လည်း တခါတလေကျတော့ ပိုက်ဆံတွေအကုန်အကျခံပြီး ပစ္စည်းကောင်းကောင်းတွေကို ရွေးချယ်ဝယ်ယူပေမယ့်လည်း သေသေချာချာ မတွဲဖက်တတ်ရင်တော့ ရေစုံမျောသွားနိုင်ပါတယ်။

ဒီလိုမျိုး အသုံးအဆောင်ပစ္စည်းတွေထဲကမှ ရှေးခေတ်တွေတုန်းကရော ယနေ့ခေတ်မှာရော အမျိုးသားတွေ အသုံးပြုနေသေးတဲ့ အသုံးအဆောင်ပစ္စည်းတွေက ဘာတွေဖြစ်မလဲဆိုတာကို အခုပဲဆက်ကြည့်လိုက်ရအောင်။

ရှေးမူမပျက်တဲ့ နေကာမျက်မှန်များ

နေကာမျက်မှန်တွေဆိုတာဟာ ရှေးခေတ်တွေကတည်းက ဖက်ရှင်အတွက်ဖြစ်စေ၊ နေရောင်ခြည်နဲ့ မျက်လုံးထိတွေ့မှုကို ကာကွယ်ဖို့အတွက်ဖြစ်စေ တပ်လေ့ရှိကြတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပါ။ ယခင်တုန်းကတော့ ရွေးချယ်စရာ ဒီဇိုင်းများများစားစားမရှိပေမယ့် ခေတ်ရေစီးကြောင်းပြောင်းလာတာနဲ့အညီ ပုံစံဒီဇိုင်း အစုံအလင်ဟာလည်း တခုနဲ့တခု မရိုးရလေအောင် ပေါ်ထွက်လျက်ရှိနေပါတယ်။ ကိုယ်က စတိုင်ကျတဲ့ ဖက်ရှင်သမားလို့ ယူဆတယ်ဆိုရင်တော့ နေကာမျက်မှန်တစ်စုံလောက်တော့ ဆောင်ထားဖို့သင့်ပါတယ်။

သားရေခေါက် ပိုက်ဆံအိတ်

ယနေ့ခေတ်မှာ ပိုက်ဆံရှင်းရတာက ကဒ်ကလေးနဲ့ဖြစ်ဖြစ်၊ ဖုန်းစကန်ဖတ်တာနဲ့ဖြစ်ဖြစ် အလွယ်တကူ ပေးလို့ရနေပြီဆိုပေမယ့် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ပိုက်ဆံအိတ်လေးတွေကတော့ အမြဲဆောင်ထားကြတုန်းပါပဲနော်။ အချိန်တွေဘယ်လိုပြောင်းပြောင်း အမျိုးသားတွေ သုံးစွဲနေဆဲ အသုံးဆောင်ပစ္စည်းတွေထဲမှာတော့ ခေါက်ပိုက်ဆံအိတ်လေးတွေက တစ်ခုအပါအဝင်ဖြစ်ဆဲပါပဲ။

လက်ပတ်နာရီ

သံချေးမတက်တဲ့ Stainless Steel လက်ပတ်နာရီက အချိန်အကြာကြီး အသုံးပြုနိုင်ရုံသာမကပဲ ကိုယ့်ရဲ့သားသမီး၊ မြေးမြစ်တွေကိုတောင် လက်ဆင့်ကမ်း အမွေပေးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပါ။ အကြမ်းခံနိုင်ပြီး အရည်အသွေးလည်းကောင်းမွန်တာကြောင့် အမျိုးသားတော်တော်များများက သဘောကျကြပါတယ်။ ရာစုနှစ်တစ်ဝက်ကျော်လာတာတောင်မှ လူတစ်ယောက်က အချိန်မေးလိုက်တဲ့အချိန်မှာ လက်ကနာရီကို ငုံ့ကြည့်တတ်တာက မပြောင်းလဲနိုင်သေးပါဘူး။

သားရေခါးပတ်

ခါးပတ်ကောင်းကောင်းတစ်ခုဟာ ဘောင်းဘီချောင်ခြင်းမရှိအောင် တားဆီးပေးနိုင်ရုံသာမဟုတ်ဘဲ တွဲဖက်အသုံးပြုလိုက်ခြင်းကြောင့် ပိုပြီးစတိုင်ကျတဲ့ အသွင်ကို ရရှိစေပါတယ်။ အခြားအသုံးအဆောင်ပစ္စည်းတွေကို မသုံးဖြစ်တော့ရင်တောင်မှ သားရေခါးပတ်ကတော့ ခေတ်ကုန်သွားတယ်ကို မရှိပါဘူး။

သားရေလက်ကိုင်အိတ်

သားရေလက်ကိုင်အိတ်တွေဆိုတာဟာ အပြင်သွားမလား၊ ခရီးထွက်မလား၊ လိုတာတွေသိမ်းဆည်းမလား အမျိုးမျိုးအဖုံဖုံ အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပါ။

လျှာထိုးဦးထုပ်

လျှာထိုးဦးထုပ်ထက်ပိုပြီး ဝတ်ဆင်သူကို သက်သောင့်သက်သာရှိစေမယ့် အသုံးအဆောင်ပစ္စည်းမရှိနိုင်ပါဘူး။ လျှာထိုးဦးထုပ်လို့ ဆိုရာမှာလည်း ပြားချပ်ချပ်၊ မာတောင့်တောင့်နဲ့ ဦးထုပ်မျိုးကို ဆိုလိုတာမဟုတ်ဘဲ နူးအိပြီး ဆောင်းလို့ကောင်းတဲ့ ဦးထုပ်ကိုပြောခြင်းဖြစ်ပါတယ်။ အမျိုးသားတွေမှာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတစ်ခုကို ပြောပါဆိုရင် နေပူဒဏ်မှကာကွယ်ပေးတဲ့ လျှာထိုးဦးထုပ်က မပါမဖြစ် ပါဝင်နေမှာပါ။

Credit: Fashionbeans.com