တစ်ခါတစ်လေမှာ ဖက်ရှင်နဲ့ပတ်သက်လို့ စည်းမျဉ်းတွေချမှတ်ထားပေမယ့်လည်း တကယ်တမ်းတော့ လိုက်နာရလောက်တဲ့အထိတော့မဟုတ်ပါဘူး။ အများစုက ပြောင်းလဲလာတဲ့ ဖက်ရှင်ရေစီးကြောင်းပေါ်လိုက်ပြီး ပြုလုပ်ထားတဲ့ ဝေဖန်ပိုင်းခြားမှုလေးတွေပဲဖြစ်ပါတယ်။ တကယ်တမ်းသေချာလိုက်နာကြတာဆိုလို့ တစ်ခုနှစ်ခုလောက်ပဲရှိပါတယ်။

ဒါပေမယ့် အမျိုးသားတွေအနေနဲ့ကတော့ ဆန့်ကျင်ဖက် လိင်ဖြစ်တဲ့ မိန်းကလေးတွေအမြင်မှာ ဆွဲဆောင်မှုအပြည့်ရှိသူတစ်ဦးဖြစ်စေဖို့၊ အပြစ်ပြောစရာမရှိတဲ့သူတစ်ဦးဖြစ်ဖို့အတွက် လိုက်နာရမယ့် စည်းမျဉ်းအချို့တော့ရှိပါတယ်။ အဲ့တာက ဘာတွေဖြစ်မလဲ။

ဘလေဇာအင်္ကျီဝတ်တဲ့အခါ ကြယ်သီးဘယ်တော့မှမတပ်ပါနဲ့

အင်္ကျီမှာကြယ်သီးပါလာရင်ဖြစ်စေ၊ ကိုယ့်ရဲ့အထက်လူကြီးတွေနဲ့၊ အရေးကြီးတဲ့ မီတင်တွေသွားတဲ့အခါ ကြယ်သီးတပ်ပြီး ဝတ်တတ်ကြတာ ထုံးစံပါ။ ဒါပေမယ့် ခေတ်ပေါ်အမျိုးသားဝတ်စုံတွေကတော့ တင်နားမှာအနားသတ်ကို ကားအောင်ချုပ်ထားပြီး ကွီးတို့ရဲ့ခါးကို သေးသွယ်တဲ့အသွင်ကိုဖြစ်စေတာပါ။ ဒါပေမယ့် ကြယ်သီးကိုတပ်ပြီး ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ခါးဒီဇိုင်းတွေပျောက်သွားစေမှာဖြစ်ပါတယ်။

တစ်ခါဝတ်ပြီးတိုင်း ချက်ချင်းမလျှော်ပစ်ပါနဲ့

အဝတ်အစားတွေကို ဝတ်ပြီးတာနဲ့ ချက်ချင်းလျှော်ရမယ်လို့ လူအများစုက အထင်မှားနေကြပါတယ်။ အတွင်းခံတွေမှ လွဲပြီးတော့ အခြားအဝတ်အစားတွေကို တစ်ခါဝတ်ပြီးတိုင်း လျှော်ပစ်ခြင်းက အချိန်ကြာလာတဲ့အခါ အင်္ကျီအရောင်တွေကျွတ်ခြင်း၊ မှိန်ခြင်းတို့ကိုဖြစ်စေပြီး အင်္ကျီအသားကိုလည်း လျော့ရဲပျက်စီးလာစေမှာဖြစ်ပါတယ်။

အင်္ကျီတိုင်းကို ခါးထဲထည့်မဝတ်ပါနဲ့

အမျိုးသားအများစုအနေနဲ့ အင်္ကျီတွေကို ခါးထဲထည့်ဝတ်မယ်ဆိုရင် သူတို့ကိုပိုပြီးတော့ စမတ်ကျစေတယ်လို့ တွေးတတ်ကြပါတယ်။ ဒါပေမယ့် အဲ့တာက အချိန်တိုင်းတော့မဟုတ်ပါဘူး။ ကိုယ်ဝတ်ဆင်မယ့် အင်္ကျီဒီဇိုင်းနဲ့ ချုပ်ရိုးချုပ်သားပေါ်တွေမှာ မူတည်နေပါတယ်။

ဖိနပ်တွေကို ပြောင်နေအောင်တိုက်ပါ

အမျိုးသားတစ်ယောက်ရဲ့ ဖက်ရှင်မှာ ဖိနပ်ကလည်း အလွန်အရေးပါပါတယ်။ အပေါ်မှာ ဘယ်လောက်ပဲသန့်ပြန့်နေအောင် ဝတ်ထားဝတ်ထား၊ အောက်မှာစီးထားတဲ့ ရှူးဖိနပ်က ညစ်ညစ်ပတ်ပတ်ဖြစ်နေရင်တော့ မဟုတ်သေးပါဘူးနော်။

Suit တွေဝတ်မယ်ဆိုရင် လက်ကိုင်အိတ်သယ်ပါ

စမတ်ကျချင်လို့၊ စတိုင်မိချင်လို့ Suit တွေဝတ်ခါမှ ကျောပိုးအိတ်ကြီး ကားယားကားယားနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူးနော်။ သူ့နေရာ၊ သူဖက်ရှင်နဲ့သူ လိုက်ဖက်အောင် ဝတ်ဆင်ရမှာဖြစ်လို့ Suit တွေဝတ်မယ်ဆိုရင် လက်ကိုင်အိတ်လေးတွေကို စတိုင်ကျကျကိုင်ပေးပါ။

Source: Fashionbeans.com