အကြောင်းအမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရင်ဆုံးသင်လုပ်ရမှာက သင့်ကိုသင် ပြန်လည်ဆန်းစစ်ဖို့ပါ။ အလုပ် အလွန်အကျွံလုပ်နေမိပြီလား ၊ အိပ်ရေးပျက်တာတွေ များနေလား ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအစားတွေ စားနေမိလား ၊ မှီဝဲသောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လား စသည်ဖြင့်ပေါ့။
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ စိတ်ဓာတ်ကျခြင်းတွေကို ဖယ်ရှားနိုင်ဖို့ ပထမခြေလှမ်းက ထိုသို့သော အကြောင်းအရင်းကို သိရှိဖို့ဖြစ်ပါတယ်။ ပြီးရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာကြည့်ပါ။
(၁) တစ်နေ့တာ အစပြိုးမှု ကောင်းပါစေ

Source : Freepik
နေ့တစ်နေ့ရဲ့အစ မနက်ခင်းက လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးတဲ့အချိန်လို့ ပြောလို့ရပါတယ်။ တစ်နေ့တာအစပြိုးမှုကောင်းမှလည်း တစ်နေ့လုံးကို စိတ်ခံစားမှုကောင်းစွာ လန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်မှာပါ။ ဖြတ်သန်းရမယ့် တစ်နေ့တာတစ်လျှောက်လုံးတက်ကြွလန်းဆန်းနေဖို့ဆိုရင် မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးရပါမယ်။
စိတ်တည်ငြိမ်အောင်တရားထိုင်တာ ယောဂလေ့ကျင့်ခန်းပြုလုပ်တာမျိုးတွေလုပ်ပေးပါ။ မဖြစ်မနေလုပ်ရမယ့်နောက်ထပ်အချက်တစ်ခုက မနက်စာကို ကောင်းကောင်းစားခြင်းပါပဲ။ အာဟာရပြည့်ဝတဲ့ မနက်စာက တစ်နေ့တာအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
(၂) ရေများများ သောက်ဖို့မမေ့ပါနဲ့

Source : Freepik
လေ့လာသူတွေကတော့ တစ်နေ့တာမှာ ရေများများသောက်သုံးပေးဖို့ကို မမေ့သင့်ကြောင်း အကြံပြုထားပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်တဲ့အခါ စွမ်းအင်လျော့ကျလာပြီး မလန်းမဆန်း အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝနေခြင်းက ပင်ပန်းနွမ်းနယ်ခြင်းတွေ မကောင်းတဲ့ စိတ်ခံစားမှုတွေကိုမောင်းထုတ်ပေးပြီး တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေဖို့ ကူညီပေးပါတယ်။
(၃) စိတ်တံခါးကိုဖွင့်ထားပါ

Source : Freepik
တစ်ခါတစ်ရံလူတွေရဲ့စိတ်က negative ဘက်ကိုဦးတည်နေတဲ့ အကြောင်းအရာတွေကိုပဲ ဖိပြီးတွေးမိတက်ကြပါတယ်။ ထိုအခါ စိတ်ပိုမိုပင်ပန်းခြင်းတွေဖြစ်လာရပြီး အလုပ်ထဲအာရုံစိုက်မရတာ တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အကြောင်းအရာတွေ အပျက်သဘောဆောင်တဲ့ အတွေးတွေ အရမ်းမတွေးပါနဲ့။ စိတ်၏တံခါးကို လွတ်လပ်စွာဖွင့်ထားပါ။
(၄) အနားယူပါ

Source : Freepik
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းတွေကင်းဖို့ဆိုရင် လုံလောက်တဲ့အနားယူမှုရှိကိုရပါမယ်။ အလုပ်တွေဖိလုပ်နေမိလား ၊ ညဘက်အိပ်ရေးပျက်တာများနေလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုအနားမပေးမိဘူးဆိုရင်တော့ ကောင်းစွာအနားယူပေးဖို့ အကြံပြုပါရစေ။ စိတ်နဲ့ ခန္ဓာကိုယ်ကိုကောင်းစွာ အနားပေးမှသာ လန်းဆန်းတက်ကြွမှုရှိပြီး ကောင်းမွန်တဲ့နေ့သစ်တွေကိုပိုင်ဆိုင်နိုင်မှာပါ။
