လူတစ်ယောက် ရင့်ကျက်လာဖို့ အလေ့အကျင့်တွေ ၊ အခက်အခဲအတိုက်အခိုက်နဲ့ ဘဝပုစ္ဆာတွေ အများကြီး ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ စိတ်ဓါတ်ရင့်ကျက်သူတွေပဲ ဘဝပြဿနာတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ စိတ်ဓါတ်ခိုင်မာလာဖို့ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လေ့ကျင့်ထားမှ ဖြစ်မှာပါ။ ဒီနေ့မှာတော့ စိတ်ဓါတ်ကြံ့ခိုင်သူ ဖြစ်လာဖို့ နေ့တိုင်း လုပ်ပေးသင့်တဲ့ အချက်ကလေးတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ခိုင်းပါ

Photo: lifehacks

ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ။ ကိုယ့်လုပ်နိုင်စွမ်းကို အမြဲတမ်း မြှင့်တင်ပါ။ တော်လောက်ပြီဆိုပြီး တော်ရုံနဲ့ လက်လျှော့လိုက်တဲ့ စိတ်မျိုး ဘယ်တော့မှ မမွေးပါန့ဲ။ စိတ်ဓါတ်ဆိုတာ ရုပ်ခန္ဓာအတိုင်းပါပဲ။ ထရိန်နင်ဆင်းသား ပြည့်ရင် ပိုပြီး သက်လုံကောင်းတဲ့အမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တဲ့ တန်ဖိုးနဲ့ စံနှုန်းတွေ ထားပြီး ကိုယ့်တန်ဖိုးထားရာ စံနှုန်းနဲ့အညီ ဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းနေပါ။

(၂) အကောင်းမြင်စိတ်ကို အခြေခံပါ

Photo: lifehacks

အဆိုးမြင်တဲ့စိတ်ဟာ ကိုယ့်ကို နိမ့်ကျအောင် ဆွဲချနိုင်စွမ်း ရှိတယ်ဆိုတာ မမေ့ပါနဲ့။ အဖြစ်အပျက်တွေအပေါ် ကောင်းတဲ့ဘက်က ကြည့်တတ်ရုံနဲ့ စိတ်အင်အားပို တက်လာတတ်ပါတယ်။အကောင်းမြင်တဲ့ စိတ်ရှိသူဟာ ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ ကောင်းတဲ့စိတ်နဲ့ ရှေးရှုထားလို့ ပြဿနာတွေကို ရင်ဆိုင်ရာမှာ ပိုပြီးတော့ အခြေအနေကောင်းတွေကို ဆွဲဆောင်နိုင်စွမ်းလည်း ရှိပါတယ်။

(၃) သိချင်စိတ်ကို မြှင့်တင်ပါ

Photo: lifehacks

စူးစမ်းစိတ်ဟာ တိုးတက်ဖို့အတွက် အခြေခံလိုအပ်ချက်လို့တောင် ဆိုနိုင်ပါတယ်။ စူးစမ်းချင်စိတ်ရှိမှ လေ့လာဖြစ်မှာပါ။ အသိဉာဏ်ပိုင်းရော ရုပ်ပိုင်းအရပါ တိုးတက်ဖို့အတွက် သိချင်တတ်ချင်စိတ် ရှိဖို့ လိုပါတယ်။ ဘဝမှာ အတွေ့အကြုံကောင်းတွေ ရနိုင်ဖို့ အခွင့်အလမ်းသစ်တွေ ရနိုင်ဖို့အတွက် သိချင်စိတ် Level မြှင့်ထားဖို့ လိုပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှုပေါ် ကျော်လွှားပါ

Photo: lifehacks

သံသယဟာ ကိုယ့်ကို ဖျက်ဆီးဖို့ အလွယ်ဆုံးနဲ့ အနီးစပ်ဆုံးအန္တရာယ်တစ်ခု ဖြစ်ပါတယ်။ စိတ်ဓါတ်ရင့်သန် ကြံ့ခိုင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်နေတာတွေ ရပ်တန့်လိုက်ပါ။ သက်တောင့်သက်သာ အနေအထားကနေ ရုန်းထွက်ပါ။ အခက်အခဲတစ်ခုချင်းစီ ရင်ဆိုင် အောင်မြင်ပြီးတိုင်း လူဟာ စိတ်ဓါတ်ပိုမို ရင့်ကျက်လာတဲ့သဘောရှိပါတယ်။ အခက်အခဲတွေကို ဖြတ်ကျော်ပါ။ အကြောက်တရားကို ရင်ဆိုင်ပါ။
ဒီလိုလေးတွေ နေ့တိုင်း လုပ်နေရင် ရေရှည်မှာ စိတ်ဓါတ်ကြံ့ခိုင်သူ ဖြစ်လာမှာ ဖြစ်ပါတယ်။