ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ နူးကမ့်အဝတ်လဲခန်းအတွင်းမှာ သီယာရီအွန်နရီ ရှိနေတာကို ရှိန်နေတာကြောင့် ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ မျက်နှာကိုတောင် မကြည့်ရဲခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အာဆင်နယ်မှာ တောက်ပတဲ့ကာလကို ဖြတ်သန်းခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တဲ့ သီယာရီအွန်နရီဟာ ၂၀၀၇ ခုနှစ်မှာ အာဆင်နယ်ကို စွန့်ခွာပြီး ဘာစီလိုနာအသင်းကို ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
Photo: Daily Mail
အွန်နရီဟာ အာဆင်နယ်အသင်းရဲ့ တစ်သက်တာဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၇၅ ပွဲကစားခဲ့ရာမှာ ၂၂၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး အံ့အားသင့်ဖွယ် တိုက်စစ်မှူးအဖြစ် နူးကမ့်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
နူးကမ့်ကို အွန်နရီရောက်ရှိလာမှုက ကြီးမားတဲ့အပြောင်းအရွှေ့အဖြစ် ရှုမြင်ခြင်းခံခဲ့ရပြီး ယင်းအချိန်က ဘလွန်းဒီအော် ၆ ဆုရှင်ဖြစ်လာမယ့် လီယွန်နယ်မက်ဆီဟာ ၎င်းရဲ့ခြေစွမ်းကို တိုးတက်လာဖို့ ကြိုးစားနေရတဲ့ လူငယ်ကြယ်ပွင့်အဖြစ်သာ ရှိနေသေးတာဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီဟာ လာမာစီယာအကယ်ဒမီကနေ ဘာစီလိုနာပထမအသင်းအထိ ရောက်ရှိလာဖို့ ကြိုးပမ်းခဲ့ရာမှာ ကြယ်ပွင့်ကစားသမားအများအပြားကို မြင်တွေ့ခဲ့ရပေမယ့်လည်း အွန်နရီက ၎င်းအတွက် တိတ်တိတ်လေးငေးခဲ့ရတဲ့ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။
“သူ အဝတ်လဲခန်းထဲကို ဝင်လာတဲ့ ပထမဆုံးနေ့တုန်းကဆို သူ့ကို မျက်နှာချင်းဆိုင်တောင် မကြည့်ရဲခဲ့ပါဘူး”
Photo: thefootballfaithful
“သူ အင်္ဂလန်မှာ လုပ်ခဲ့တဲ့အရာအားလုံးကို ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော့်အပေါ်မှာ သူ့ရဲ့ပုံရိပ်က လွှမ်းမိုးခဲ့ပြီးတော့ ရုတ်တရက် ကျွန်တော်တို့က တသင်းတည်းမှာ အတူတူရှိခဲ့ကြတာပါ” “ကျွန်တော် သူ့အတွက် ခံစားခဲ့ရတဲ့အရာက ချစ်ခင်လေးစားမှုပါပဲ”
“ကျွန်တော် အွန်နရီကို ချစ်မြတ်နိုးခဲ့ပါတယ်။ သူ ဂိုးအထိ ဆွဲယူလာတဲ့ပုံစံနဲ့ အဆုံးသတ်ကစားတဲ့ပုံစံက လွယ်ကူပါတယ်”
“အထင်ကြီးလေးစားအောင် သူ လုပ်တာက သာမန်ပါပဲ။ သူ့ရဲ့ ကစားသမားဘဝ၊ သူ့ရဲ့အလိမ်အခေါက်၊ နောက်ဆုံးအဆုံးသတ်မှု အဲဒါတွေက အရမ်းညင်သာပျော့ပြောင်းပြီး အချိုးကျလွန်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။