အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရပြီးနောက် ကိုပါအမေရိကပြိုင်ပွဲမှာ အကျင့်ပျက်ခြစားမှုတွေရှိနေကြောင်း ပြောကြားခဲ့တဲ့အတွက် နိုင်ငံတကာပွဲစဉ်တွေကို ၂ နှစ်အထိ ပါဝင်ကစားခွင့်ပိတ်ပင်ခံရဖွယ်ရှိနေတယ်လို့ RT Sport က ဖော်ပြခဲ့ပါတယ်။

Source: RT

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယင်းပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ကွင်းလယ်ဒိုင်က ပင်နယ်တီ ၂ ကြိမ်အထိ ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် မက်ဆီက ကိုပါအမေရိကဖလားဟာ အိမ်ရှင်ဘရာဇီးလ်အသင်း ဗိုလ်စွဲဖို့အတွက် တာဝန်ရှိသူတွေနဲ့ ဒိုင်လူကြီးတွေက ကြိုတင်စီစဉ်ထားကြောင်း စွပ်စွဲပြောကြားခဲ့တာဖြစ်ပြီး ယင်းအကျင့်ပျက်ခြစားမှုထဲမှာ အာဂျင်တီးနားအသင်းအနေနဲ့ တစ်စိတ်တပိုင်းအဖြစ် မပါဝင်သင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Source: The Sun

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က လီယွန်နယ်မက်ဆီရဲ့ စွပ်စွဲပြောကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး မက်ဆီရဲ့ မှတ်ချက်စကားဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ ကစားသမားတွေ တာဝန်ရှိသူတွေအပေါ် လေးစားမှုကင်းမဲ့ခြင်းကို ကိုယ်စားပြုနေတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားခဲ့ပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို နှောင့်ယှက်စော်ကားတဲ့သဘော (သို့) အပြုအမူ ပြုလုပ်တဲ့ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်ကို ၂ နှစ်အထိ နိုင်ငံတကာပွဲစဉ် ပါဝင်ကစားခွင့် ၂ နှစ်အထိ ပိတ်ပင်နိုင်တယ်လို့ သိရပါတယ်။

Source : The Independent

တကယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သာ မက်ဆီကို ပြစ်ဒဏ်ချမှတ်ခဲ့မယ်ဆိုရင် အာဂျင်တီးနားအသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ လာမယ့်နှစ်မှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာမှာ ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကို မက်ဆီပါဝင်ကစားပေးနိုင်ခြင်းမရှိတော့ဘဲ လွဲချော်မှာဖြစ်ပါတယ်။