အာဂျင်တီးနား လက်ရွေးစင် ဘာစီလိုနာအသင်း တိုက်စစ်မှူးမက်ဆီဟာ လက်ရှိဘောလုံးရာသီအသင်းနှင့် စပိန်လာလီဂါ အမှတ်ပေးချန်ပီယံဆုကို ထပ်မံဆွတ်ခူးရရှိဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ မက်ဆီသာ ယခုနှစ်ရဲ့ ချန်ပီယံဆုကို  ထပ်မံရရှိခဲ့မယ်ဆိုရင် ကစားသမားသက်တမ်းတစ်လျှောက်လုံး (၁၀) ကြိမ်မြောက် အမှတ်ပေးချန်ပီယံအဖြစ် စာရင်းဝင်မှာဖြစ်တယ်လို့ စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှ စတင်ကာ ဘာစီလိုနာအသင်းတွင် ကစားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဘောလုံးရာသီပေါင်း (၁၅) ရာသီအတွင်း လာလီဂါအမှတ်ပေး ချန်ပီယံဆုကို (၉) ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Source : FC Barcelona

လက်ရှိလာလီဂါတွင် တိုက်စစ်မှူး မက်ဆီဟာ ချန်ပီယံဆု (၉) ကြိမ်တိတိ အများဆုံးရရှိပိုင်ဆိုင်ထားတဲ့ ကစားသမားအဖြစ် အသင်းဖော်ဟောင်း အင်နီယေစတာနဲ့အတူ တတိယနေရာမှာ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိဘောလုံးရာသီတွင် လာလီဂါအမှတ်ပေးချန်ပီယံဆုရယူရန် နီးစပ်နေတဲ့အသင်း တစ်သင်းဖြစ်တာကြောင့် မက်ဆီရဲ့ (၁၀) ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက်ဟာ အမှန်တကယ် ဖြစ်လာနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။ စပိန်လာလီဂါပြိုင်ပွဲတစ်လျှောက်လုံးတွင် အမှတ်ပေးချန်ပီယံဆုအများဆုံး ရရှိခဲ့တဲ့ ကစားသမားကတော့ ရီးယဲ လ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျန်တိုဖြစ်ပြီး လာလီဂါအမှတ်ပေးချန်ပီယံဆုကို (၁၂) ကြိမ်အထိ ရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source : Sky News

ဥရောပသမိုင်းတစ်လျှောက် အမှတ်ပေး ချန်ပီယံဆုအများဆုံး ရရှိခဲ့တဲ့ အအောင်မြင်ဆုံး ကစားသမားများကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ရိုင်ယန်ဂစ်က (၁၃) ကြိမ်တိတိရရှိခဲ့ပြီး နောက်ထပ် မန်ယူကွင်းလယ်ကစားသမားဟောင်း ပင်ပေါလ်စခိုးလ်က (၁၂) ကြိမ်တိတိ ဆွတ်ခူးနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ထပ်မံပြီး မန်ယူနောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးလ်က (၁၂) ကြိမ်၊ ရီးယဲလ်မက်ဒရစ်တောင်ပံ ကစားသမားဟောင်း ဂျန်တိုက (၁၂) ကြိမ်၊ ရီးယဲလ်မက်ဒရစ်ကွင်းလယ် လူဟောင်း ပီရာရီက (၁၀) ကြိမ်ဖြင့် အစဉ်လိုက် ဆွတ်ခူးခဲ့ကြတာပဲ ဖြစ်ပါတယ်။

 

Source : Marca Sport