ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား မက်ဆီဟာ ၂၀၁၈ -၂၀၁၉ ခုနှစ်ရဲ့ ဥရောပရွှေဖိနပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ အသက် (၃၁) နှစ်အရွယ် တိုက်စစ်မှုးမက်ဆီဟာ ဥရောပရွှေဖိနပ်ဆုကို စပိန်လာလီဂါသွင်းဂိုး စုစုပေါင်း (၃၆) ဂိုး ၊ ရမှတ် (၇၂) မှတ်နဲ့ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ယခုနှစ်ရရှိခဲ့တဲ့ရွှေဖိနပ်ဆုဟာ မက်ဆီရဲ့ကစားသမားသက်တမ်းတစ်လျောက် (၆) ကြိမ်မြောက် ရရှိခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။

မက်ဆီဟာ ယခုနှစ်ရဲ့ ဥရောပရွှေဖိနပ်ဆုကိုတော့ PSG တိုက်စစ်မှူး အမ်ဘာပီနဲ့ အဓိကယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အမ်ဘာပီဟာ ရမှတ် (၆၆) မှတ်နဲ့ သွင်းဂိုး (၃၂) ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ယခုနှစ်ရဲ့သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ မက်ဆီကပဲ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေခဲ့ပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

Source : givemesport.com

အသက် (၂၀) အရွယ် ပြင်သစ်တိုက်စစ်မှူးအမ်ဘာပီဟာ ယခုနှစ်ရဲ့ ဥရောပရွှေဖိနပ်ဆုကို (၅) နှစ်တိတိဆွတ်ခူးရရှိထားတဲ့ ချန်ပီယံမက်ဆီကို ကျော်ဖြတ်ကာ ရွှေဖိနပ်ဆုကို သိမ်းပိုက်မှာဖြစ်ကြောင်း ကြုံးဝါးထားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အတော်လေး စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်။

တိုက်စစ်မှူးအမ်ဘာပီ အနေနဲ့ (၅) ဂိုးတိတိထပ်မံသွင်းယူနိုင်မှသာ (၂၇) ဂိုး တစ်ဂိုးအသာနဲ့ မက်ဆီကိုကျော်ဖြတ်ကာ ရွှေဖိနပ်ဆုကို ရရှိနိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း တိုက်စစ်မှူးအမ်ဘာပီအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တဲ့ ရိမ်းစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူး အဆုံးအဖြတ်ပွဲမှာ (၁) ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။

Source : en.as.com

(၆)ကြိမ်မြောက် ရွှေဖိနပ်ချန်ပီယံဆုရှင် မက်ဆီကတော့ ၂၀၁၆ -၂၀၁၇ ၊ ၂၀၁၇ -၂၀၁၈ ၊ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီသုံးရာသီဆက်တိုက် ရွှေဖိနပ်ဆုသိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပရွှေဖိနပ်ဆုကို အကြိမ်အများဆုံးရရှိထားတဲ့ ကစားသမားတစ်ဦးအဖြစ်လည်း မှတ်တမ်းသစ်တင်နိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုကတော့ ဥရောပရွှေဖိနပ်ဆုကို (၄) ကြိမ်ရရှိဖူးပြီး ဒုတိယအများဆုံး ရွှေဖိနပ်ပိုင်ရှင်နေရာက ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးမက်ဆီဟာ ဘာစီလိုနာနဲ့အတူ ယခုနှစ်အတွက် ဘလွန်ဒီအော်ဆုကို ရရှိဖို့လည်း ရေပန်းစားလျက်ရှိနေတာဖြစ်ပါတယ်။

Source : Barca Blaugranes