အာဆင်နယ်အသင်းဟာ အေဂျက်အသင်းမှာ ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံကြယ်ပွင့်ကစားသမားဟောင်း ဒါလေဘလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်ကြယ်ပွင့် ဒါလေဘလင်းဟာ အိုးထရက်ဖို့ဒ်မှာ လေးနှစ်ကြာအချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၄၀ ကျော်ကစားပေးပြီး ယူရိုပါလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ဒါလေဘလင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က မန်ချက်စတာယူနိုက်တက်အသင်းကို စွန့်ခွာပြီး အေဂျက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် အေဂျက်အသင်းရဲ့ အဓိကကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ယခုရာသီမှာ အေဂျက်အသင်းအတွက် ၃၁ ပွဲပါဝင်ကစားပေးထားသူဖြစ်ပါတယ်။

Photo: Premier League

အေဂျက်အသင်းမှာ ဒါလေဘလင်းဟာ လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်ပေမယ့်လည်း အိုနာနာ၊ တက်ဂ်လီယာဖီကို၊ ဒွန်နီဗန်ဒီဘိခ်တို့နည်းတူ ယခုနွေရာသီမှာ ၎င်းရဲ့မိခင်အသင်းကို စွန့်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရသူဖြစ်ပါတယ်။
လာမယ့်မတ်လမှာ အသက် ၃၀ ပြည့်မြောက်တော့မယ့် ဒါလေဘလင်းဟာ ယခုလာမယ့်နွေရာသီမတိုင်မီမှာ အင်္ဂလန်နဲ့ အီတလီလိဂ်က အသင်းအများအပြားရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ခံနေရသူဖြစ်ပြီး The Athletic ရဲ့ဖော်ပြချက်အရ ဒါလေဘလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာ ဖလာမင်ဂိုနဲ့ ဆောက်သမ်တန်အသင်းတို့ကနေ ပါဘလိုမာရီနဲ့ ဆက်ဒရစ်ဆိုအာရက်စ်တို့ကို ပြီးခဲ့တဲ့လမှာ ခေါ်ယူထားခဲ့ပြီးဖြစ်ပေမယ့် ယင်းကစားသမား ၂ ဦး အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ဒါလေဘလင်းကို ခေါ်ယူသွားဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့အပတ်က အာတီတာက အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် အစီအစဉ်ချထားပြီးသားဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရက်အနည်းငယ်အနားယူချင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေက ပြီးခဲ့တဲ့လအနည်းငယ်မှာ အများကြီးကို ကျော်ဖြတ်ခဲ့ရလို့ပါ”။ “အဲဒါပြီးရင်တော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၅ ပတ် ဒါမှမဟုတ် ၆ ပတ်တုန်းက အတူတူလုပ်ခဲ့တာတွေအတိုင်း ပြန်ပြီး ဖြစ်လာစေချင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်ခဲ့တဲ့၊ အပေါင်းလက္ခဏာဆောင်တဲ့အရာဖြစ်လာနိုင်တဲ့၊ တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေအတိုင်းပေါ့”။

Photo: Metro

“အဲဒါတွေက တကယ်ကို ကောင်းကောင်းမွန်မွန်ပဲ ဖြစ်သွားခဲ့ပြီး ကျွန်တော်တို့ ပစ်မှတ်အချို့ကို သတ်မှတ်ခဲ့တယ်။ ကျွန်တော်တို့ သူတို့နဲ့ အလုပ်စလုပ်နေပြီဖြစ်ပြီး လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူတို့ဆီကနေ ထွက်လာမယ့်ရလဒ်ကို ကျွန်တော်တို့ မြင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယမန်နေ့က နယူးကာဆယ်အသင်းကို ၄-၀ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် အဆင့် ၄ နေရာက ချယ်ဆီးအသင်းနဲ့ ၇ မှတ်အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ မှာသာ ဆက်လက်ရပ်တည်နေရဆဲဖြစ်ပါတယ်။