ဒီနေ့ခေတ်မှာ အရွယ်ရောက်ပြီးလူအများစုဟာ အိပ်ပျော်ကို အခက်အခဲတစ်ခုလိုမျိုး ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ တစ်ချို့တွေက ည (၁၁-၁၂) နာရီအထိ အိပ်မပျော်နိုင်သေးသလို တစ်ချို့ကျပြန်တော့လည်း မနက် (၂)နာရီ ထိုးတဲ့အထိ အိပ်မပျော်နိုင်ကြတဲ့လူတွေတောင် ရှိနေပါတယ်။ ဒီလိုလူမျိုးတွေက တူညီတဲ့အမှားတွေ လုပ်လေ့ရှိကြတယ်။

တစ်ချို့က မူးရင်အိပ်ပျော်တယ်ဆိုတဲ့ အတွေးနဲ့ အရက်တွေသောက်ကြတယ်။ တစ်ချို့တွေက အိပ်ဆေးတွေ သောက်ကြတယ်။ အိပ်ဆေးသောက်တာက အိပ်ပျော်စေတာတော့ အမှန်ပါ။ ဒါပေမယ့် ဒါကကောင်းတဲ့ရွေးချယ်မှု မဟုတ်ပါဘူး။ နောက်ပိုင်းနေ့တွေမှာ အိပ်ဆေးမသောက်ရင် လုံးဝအိပ်မပျော်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ ညဘက်အိပ်မပျော်တဲ့လူအများစု ဘယ်လိုအမှားတွေလုပ်လေ့ရှိကြသလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ဖုန်းကိုင်ပြီး ဖေ့စ်ဘွတ်သုံးတာ

Source: Shutterstock

ဖုန်း၊ ကွန်ပြူတာ လက်တော့ပ်တွေကနေထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေက ဦးနှောက်ကို နိုးဆွပေးတာကြောင့် အိပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ညဘက်အိပ်မပျော်ဘူးဆိုရင် ဖုန်းကိုင်မယ့်အစား စာအုပ်ကောက်ကိုင်ပြီးဖတ်နေလိုက်ပါ။ စာဖတ်တဲ့အချိန်မှာလည်း အလင်းရောင်ကို သတိထားပါ။ မီးသီးကထွက်လာတဲ့ အလင်းတွေကို မျက်လုံးနဲ့ တိုက်ရိုက်မထိတွေ့စေပါနဲ့။

အိပ်ဆေးသောက်ခြင်း

Source: Nova Recovery Center

အိပ်ဆေးသောက်လိုက်ရင် အိပ်ပျော်သွားတာတော့မှန်ပါတယ်။ ဒါပေမဲ့ အိပ်ဆေးသောက်ခြင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုတာတော့ မသေချာပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတဲ့နေရာမှာ အိပ်ရာကနိုးလာတဲ့အခါ လူကလန်းလန်းဆန်းဆန်းဖြစ်နေတာလည်း အပါအဝင်ပါပဲ။ အိပ်ဆေးသောက်အိပ်ပြီး နိုးလာရင် ခေါင်းအုံနေတတ်ပါတယ်။ ဒါက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လို့ ပြောလို့မရပါဘူး။ အမြဲတမ်းသောက်နေရင်လည်း စွဲတတ်သေးတယ်။

ပင်ပန်းလာမှအိပ်တယ်

Source: Spectrum Health Beat

အိပ်ရာဝင်ပေမဲ့ အိပ်မပျော်လို့ ဟိုလှိမ့်ဒီလှိမ့်လုပ်နေရတဲ့ဒုက္ခကို မခံချင်လို့ အရမ်းကြီးအိပ်ချင်လာမှပဲ အိပ်ရာဝင်တော့တယ်။ ခန္ဓာကိုယ်ကို ပင်ပန်းအောင်ခိုင်းပြီး လုံးဝမလှုပ်နိုင်တော့တဲ့အခါမှ အိပ်ရာဝင်တာဟာ လူကိုပိုပြီးနွမ်းနယ်စေပါတယ်။ အသက် (၂၀) မှ (၄၀) ကြား အရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့အရာပါ။ အိပ်ရာဝင်ချိန်မှန်အောင်ကြိုးစားခြင်းကသာ မှန်ကန်တဲ့နည်းဖြစ်ပါတယ်။

နာရီကိုကြည့်ခြင်း

Source: VAntage-Point

အိပ်မပျော်တဲ့အချိန်မှာ နာရီကိုကြည့်ဖြစ်ကြတယ် မဟုတ်လား။ ဘယ်နှစ်နာရီရှိနေပြီ၊ အိပ်သင့်နေပြီ၊ ဒါပေမဲ့ ခုထိအိပ်မပျော်သေးဘူးလို့ စိတ်က သောကရောက်မိတယ်။ နာရီကို များများကြည့်လေလေ အိပ်ဖို့ခက်လေလေပါပဲ။

အရက်

Source: Verywell Mind

မူးလာရင် အိပ်ပျော်သွားလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အိပ်ခါနီးမှာ အရက်၊ ဘီယာတို့လို အယ်လ်ကိုဟောပါတာတွေကို သောက်သုံးတာလည်း မကောင်းပါဘူး။ မူးပြီးအိပ်ပျော်တာက လူကိုတကယ်ခွန်အားဖြစ်စေမယ့် အိပ်စက်မှုကို မဖြစ်စေဘဲ နိုးလာရင်လည်း ခေါင်းမကြည်နိုင်ဘူး။