တစ်ယောက်ကို တစ်ယောက် အသက်ထက်မက ချစ်ကြတဲ့ ချစ်သူများလည်း ရံဖန်ရံခါရန်ဖြစ်တတ်ကြပါသေးတယ်။ တကယ်တော့ ဒီလိုရန်ဖြစ်တဲ့ စုံတွဲတွေက ရန် လုံးဝမဖြစ်တဲ့ စုံတွဲတွေထက် လက်တွဲပိုမြဲတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုရန်ဖြစ်ချိန်နေမှာလည်း ရှောင်ရှားရမယ့် အမူအကျင့်တချို့ရှိပါတယ်။ ဥပမာ တစ်ဖက်လူ စိတ်နာစေမယ့် စကားများ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းပါ။
တခြားရှောင်ကြဉ်ရမယ့်အပြုအမူများကတော့…
ရန်ဖြစ်စဉ်တွင် အကြောင်းအရာတစ်ခုထက်ပို၍ ရန်ဖြစ်ခြင်း

အကြောင်းအရင်းတစ်ခုကြောင့် တစ်ယောက်နဲ့ တစ်ယောက် စကားများလာရာကနေ သင့် ချစ်သူက အခြားအကြောင်းအရင်းတစ်ခုကို အစဆွဲထုတ်ပြီး ရန်ဖြစ်နေမယ်ဆိုရင် သင့်အနေနဲ့ ရန်ဖြစ်ရတဲ့ မူလအကြောင်းအရာကနေ သွေဖယ်မသွားဖို့ ပြန်လည်ဆွဲခေါ်သင့်ပါတယ်။
တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်ခြင်း

ရန်ဖြစ်နေစဉ်မှာ သင့်ရဲ့ကောင်မလေးကို အပြစ်တင်စကား မဆိုသင့်သလို သင့်ကောင်မလေးကလည်း သင့်ကို အပြစ်တင်စကား ဆိုလာခဲ့သည်ရှိသော် ခေါင်းအေးအေးထားပြီး ဖြေရှင်းသင့်ပါတယ်။ သူမနဲ့ အတိုက်အခံလုပ်ပြီး အပြစ်ဖို့နေမယ်ဆိုရင် ထိုရန်ပွဲမှာ သင် နိုင်ကောင်းနိုင်ပါလိလမ့်မယ်။ ဒါပေမဲ့ သင်တို့ရဲ့ သမီးရည်းစားဆက်ဆံရေးက တဖြည်းဖြည်း ပျက်ဆီးသွားပါလိမ့်မယ်။
သင့်ရဲ့ချစ်သူကို လုံးဝလျစ်လျူရှုခြင်း

သင်တို့နှစ်ယောက်ရန်ဖြစ်နေစဉ်မှာ သင်က ပြဿနာ မတက်စေချင်တဲ့အတွက်ကြောင့် ဘာမှဖြေရှင်းချက်မပေးဘဲ ဆိတ်ဆိတ်နေတတ်ပါသလား။ ထိုကဲ့သို့ တိတ်တိတ်နေပြီး သူမကို လျစ်လျူရှုမယ့်အစား သူမရဲ့ဒေါသတွေ ပြေလျော့သွားဖို့ ကြိုးစားကြည့်ပါ။ နှစ်ဦးနှစ်ဖက် စကားပြောလို့ အဆင်ပြေမှ သင်တို့ရဲ့ပြဿနာကို သေချာ ဖြေရှင်းလိုက်ပါ။
စကားကြမ်းကြမ်း ပြောဆိုခြင်း

သင် စိတ်လှုပ်ရှားပြီး ဒေါသထွက်နေချိန်မှာ စကားလုံးရွေးချယ်မှုကိုလည်း သတိထားသင့်ပါတယ်။ စိတ်တိုနေစဉ်မှာ စကားကြမ်းကြမ်းတွေ ပြောထွက်တတ်တာကြောင့် တစ်ဖက်လူ စိတ်မနာစေမယ့် စကားမျိုးကိုသာ ပြောဆိုသင့်ပါတယ်။
ပင်ပန်းနေချိန် (သို့) ဗိုက်ဆာနေချိန်မှာ ရန်ဖြစ်ခြင်း

ပင်ပန်းနေတဲ့အချိန် (သို့) ဗိုက်ဆာနေချိန်မှာ ရန်ဖြစ်တဲ့အခါ ဒေါသပိုထွက်လွယ်တာကြောင့် ထိုအချိန်များကို ရှောင်ကြဉ်သင့်ပါတယ်။ သင့်အနေနဲ့ ပင်ပန်းနေတယ်ဆိုရင် ခဏတဖြုတ်အနားယူလိုက်ပါ။ ဗိုက်ဆာတယ်ဆိုလည်း မုန့်ပဲသွားရေစာတစ်ခုခု စားလိုက်ပါ။ ဒါမှ တစ်ဖက်လူအပေါ် ဒေါသတွေ ပုံကျမသွားမှာဖြစ်ပါတယ်။
ဒီအချက်လေးတွေကတော့ သင့်ချစ်သူကောင်မလေးနဲ့ ရန်ဖြစ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။
Source: Brightside.me
