ပိုက်ဆံလို့ ပြောလိုက်ရင် အတော်များများက ‘ခက်’ နေကြတာပါပဲ။ ရုပ်ဝတ္ထုပစ္စည်းအသစ်အဆန်းတွေကြောင့် ဝယ်ချင်စရာတွေ များပြီး ရှာရဖွေရခက်ခဲလှတဲ့ ဒီခေတ်ကြီးထဲမှာ ပိုက်ဆံတွေ လက်ထဲမှာ မနေတာလည်း အဆန်းတော့ မဟုတ်ပါဘူး။ လူအတော်များများ ပိုက်ဆံခက်သွားအောင် လုပ်နေမိတဲ့ အကျင့်ဆိုးတွေကလည်း အများကြီး ရှိပါတယ်။ ဒီထဲမှာ အခုပြောတဲ့အချက်တွေ ပါဝင်နေပါတယ်။
(၁) အိမ်ခြံကားမှာ ပိုက်ဆံသိပ်သုံးတာ
Photo: Unsplash
အိမ်တွေ ကားတွေအတွက် လူတွေဟာ လိုတာထက်ပိုပြီး ပိုက်ဆံသုံးနေမိတတ်ကြပါတယ်။ လူဆိုတာ လူတန်းစေ့နေထိုင်အောင် ကြိုးစားကြတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကိုယ်ရှာနိုင်တာထက် ပိုများတဲ့ငွေတွေ သုံးပြီး အိမ်ကို အကြွေးတင်ခံပြီး ဝယ်တာ ၊ ကားကို အရစ်ကျတဲ့ ဝယ်တာမျိုးကတော့ ရှောင်ကြဉ်သင့်ပါတယ်။
(၂) Credit Cards ကို လွယ်လွယ်သုံးတာ
Photo: Unsplash
လူမှုဘဝ Lifestyle သစ်တွေထဲမှာ အသားတကျစီးဆင်းလာတာတစ်ခုက Credit Cards တွေနဲ့ ပစ္စည်းအလွယ်ဝယ်တာ ၊အကြွေးတင်ခံပြီး ခေတ်ပေါ်လူနေထိုင်မှုဘဝကို အကုန်အကျခံပြီး နေထိုင်ချင်တာ ၊ ဈေးကြီးတဲ့ အဝတ်အစားသစ်တွေ မလိုဘဲ ဝယ်တာမျိုး ဖြစ်ပါတယ်။ ဒီဂျစ်တယ်မိုဘိုင်းငွေကြေးစနစ်ခေတ်မှာ အရင်လို ငွေသားကိုင်ပြီး ပိုက်ဆံရှင်းတာလောက် သွေးမတွန့်တာကလည်း ပိုက်ဆံမနေစေတဲ့ အကြောင်းထဲက တစ်ခုပါပဲ။
(၃) လောင်းကစားတွေ လုပ်နေမိတာ
Photo: Unsplash
လူတိုင်းက ကိုယ့်ကံက ဘယ်လောက်တောင် တောက်ပနိုင်မလဲ သိချင်ကြပါတယ်။ ပြဿနာက ကံကိုယုံပြီး ပုံခဲ့တဲ့ကိစ္စတွေရဲ့ အကုန်လုံးနီးပါးက ထင်တဲ့အတိုင်း ဖြစ်မလာတာပါပဲ။ ဒါကြောင့်ပဲ ထီထိုးတဲ့ လူသန်းပေါင်းများစွာထဲမှာ တကယ် ဆုကြီးပေါက်တာ လက်တစ်ဖက်မပြည့်တာပဲ ဖြစ်ပါတယ်။
တရားဝင်ထီလိုမျိုး ကံကို ယုံပြီး လုပ်တဲ့စီးပွားရေးအပြင် ဖဲရိုက်တာ ၊ ဘောလုံးလောင်းကစားလုပ်တာတွေလို တရားမဝင်တဲ့ Gambling ကိစ္စတွေက သင့်ဘဝကို ဆွဲနှစ်သွားမယ့် အဖျက်အမှောက်တွေဆိုတာ မမေ့ပါနဲ့။ လူအတော်များများ စီးပွားပျက် လူညွန့်တုံးစေတဲ့အကြောင်းတရားတွေကို ပြန်စိစစ်လိုက်ရင် အရက် ၊ မိန်းမ နဲ့ လောင်းကစားက ထိပ်ဆုံးက ထည့်ပြောကြပါတယ်။
(၄) Entertainment မှာ ပိုက်ဆံအလွန်အကျွံသုံးတာ
Photo: Unsplash
ကိုယ်ရှာနိုင်တာနဲ့ မကာမိအောင် သုံးစွဲမှုတိုင်းက သင့်အတွက် စရိတ်ကြီးတဲ့ ဖြုန်းတီးမှုတစ်မျိုးပါပဲ။ အရာရာတိုင်းကို ချွေတာဖို့ထက် မျှတလုံလောက်အောင် သုံးစွဲတာမျိုးက ပြဿနာမရှိပေမယ့် ပိုက်ဆံကို လိုတာထက်ပိုပြီး လွယ်လွယ်လေး သုံးမိတာ ကြာရင် သင့်အိတ်ကပ်အပေါက်ဟာ ကျယ်သထက် ကျယ်လာသလို သင်တူးမိတဲ့ ဒုက္ခတွင်းကလည်း နက်သထက် နက်လာနိုင်ပါတယ်။ ပျော်ရွှင်ဖို့ဆိုပြီး ပိုက်ဆံတွေ နင့်နေအောင် မသုံးဖို့ ပြောချင်ပါတယ်။
(၅) မစုဆောင်းမိတာ
Photo: Unsplash
ပိုက်ဆံတွေ တောက်လျှောက်ရှာခဲ့ပြီး လက်ထဲမှာ ဘာမှ ပြစရာမကျန်တော့တာဟာ တကယ်ပိုက်ဆံရှာနိုင်တယ်လို့ ပြောလို့ မရပါဘူး။ ငွေရှာခဲ့သမျှဟာ ငွေကြေးအရ တခြားသူတွေပေါ် အမှီအခိုကင်းချင်လို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ ရသလောက် ရှာဖွေခဲ့တာပါပဲ။ ကိုယ့်ဘဝတစ်လျှောက်လုံးရဲ့ သုံးပုံ နှစ်ပုံကျော်လောက် အချိန်ပေးပြီး ရှာခဲ့ပေမယ့် မလုံလောက်ခဲ့ရင် ရှာဖွေပြီး မစုဆောင်းမိလို့ ဒါမှမဟုတ် တိုးပွားအောင် မလုပ်နိုင်ခဲ့လို့နဲ့ လက်လွတ်ဆုံးရှုံးစေနိုင်တဲ့ အမှားတွေ လုပ်မိခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
Featured Photo: paystubsnow