မော်ဂန်ဖရီးမန်းလို့ ပြောလိုက်ရင် လူတွေ အရင်ဆုံး မှတ်မိတတ်ကြတာက သူ့ရဲ့ ဩဇာရှိပြီး ဆွဲဆောင်အားကောင်းတဲ့ အသံဖြစ်ပါလိမ့်မယ်။ တချို့သူတွေအတွက် မော်ဂန်ဖရီးမန်းဆိုတာ Unforgiven ၊ Glory ၊ Million Dollar Baby ၊ The Shawshank Redemption ၊ Invictus ကားတွေမှာ ပြောင်ပြောင်မြောက်မြောက် မှတ်တမ်းတင်လောက်အောင် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးအဖြစ် အမှတ်ရနေပါလိမ့်မယ်။

ဘာပဲပြောပြော ကျွန်တော်တို့ သဘောအကျဆုံး မင်းသားကြီးဆိုတာကိုတော့ အားလုံးက လက်ခံကြရပါလိမ့်မယ်။ မော်ဂန်ဖရီးမန်းလို အင်မတန်တော်တဲ့ သရုပ်ဆောင် ၊ ဒါရိုက်တာ နဲ့ သဘာဝဘေးဒဏ်ခံစားနေရသူတွေကို ကူညီနေတဲ့ Grenada Relief Fund တည်ထောင်သူတစ်ယောက်ရဲ့ စကားတွေကို တစ်ဆင့်ကြားရတာဟာ အားတက်စရာ ၊ မှတ်သားနာယူကျင့်သုံးစရာ ဖြစ်ပါလိမ့်မယ်။

ကဲ ဒီတော့ မင်းသားကြီး ပြောခဲ့တဲ့ မှတ်သားထိုက်စရာ စကားတချို့အကြောင်း ပြန်ဖောက်သည်ချလိုက်ပါတယ်။

morgan freeman quotes about life

Photo: 20minutos

“ဘာအလှုပ်အခတ်မှမရှိ တည်ငြိမ်နေတဲ့နည်းလမ်းကို လေ့လာပါ။ တကယ့်တည်ငြိမ်မှုအစစ်ပေါ့။ ဘဝကို သူ့အတိုင်းသား ဖြစ်ပါစေ။ ဘာကြောင့်မှ မလှုပ်ခတ်ဘဲ ငြိမ်နေခြင်းက အလင်းတစ်ခုဖြစ်လာမယ်”။

ဒီအကြောင်းအရာကို ဘယ်နေရာမှာ ပြောခဲ့သလဲဆိုတာ မသိပေမယ့် အရေးကြီးတယ်လို့ ခံစားရပါတယ်။ မုန်တိုင်းထန်တဲ့ဘဝပင်လယ်မှာ တည်ငြိမ်တဲ့သင်္ဘောဟာ ပင်လယ်ပြင်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မယ်ဆိုတဲ့ စကားရှိပါတယ်။ လောကဓံနဲ့ ရင်ဆိုင်ချိန်မှာ မော်ဂန်ဖရီးမန်းပြောတဲ့ တည်ငြိမ်မှုရှိဖို့ သိပ်လိုတယ်ဆိုတာ တွေ့လာရပါလိမ့်မယ်။

“လူတွေဟာ ရုပ်ရှင်ထဲမှာ သူတို့ထည့်လိုက်တဲ့ မက်ဆေ့ချ်တွေအကြောင်း တွေးဖို့လိုလာပြီ”

ရုပ်ရှင်တစ်ကားကြည့်ပြီး ဘာရလိုက်သလဲဆိုတဲ့ အတွေးမျိုး တွေးဖူးပါသလား။ ရုပ်ရှင်ဆိုတာကလည်း သန်းနဲ့ ချီအကုန်အကျခံထားတဲ့ တန်ကြေးကြီး အနုပညာတစ်မျိုးပါ။ ကြည့်တတ်ရင် အနုပညာက ပေးတဲ့ ရသကို ရနိုင်ပါတယ်။ ဒီရသဟာ ဘဝမှာ အသုံးချနိုင်တဲ့ သတင်းစကားဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရုပ်ရှင်တွေက ပေးတဲ့ မက်ဆေ့ကို ဘယ်လိုဘာသာပြန်မိကြပြီလဲ။

“ကျွန်တော့်ကလေးတွေကို အမြဲပြောလေ့ရှိတာ တစ်ခု ရှိပါတယ်။ သားတို့သမီးတို့ အရှုံးပေးအညံ့ခံနေမယ်ဆိုရင် လူတွေက မင်းတို့ပေါ် နင်းကျော်သွားလိမ့်မယ်။ ဒါပေမယ့် မင်းတို့သာ ရုန်းကန်ကုတ်ခြစ်တက်နေမယ် ၊ မနားတမ်း ကြိုးစားနေမယ်ဆိုရင် မင်းတို့ကို လက်ကမ်းကူညီမယ့်သူတစ်ယောက်ယောက် အမြဲ ရှိလာမယ်ဆိုတာပါပဲ။ မင်းခြေထောက်တွေကတော့ ဆက်လှုပ်နေရမှာပေါ့”

ဒီစကားဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ စကားတစ်ရပ်ပါ။ တကယ်လည်း မှန်ပါတယ်။ အသနားခံနေတဲ့သူတွေကို လူတွေ ဘယ်လို ဆက်ဆံကြသလဲ။ ကိုယ်လိုချင်တဲ့ ဘဝအတွက် ယုံကြည်မှုအပြည့်နဲ့ အရှုံးမပေးတမ်း ကြိုးစားနေတဲ့သူဟာ သူ့အတွက် လမ်းတွေ ပွင့်လာတတ်ပါတယ်။ တံခါးတွေ ဖွင့်ပေးမယ့်သူတွေ ပေါ်လာတတ်ပါတယ်။

“ရှုံးမှာ သေချာချင်ရင် အကောင်းဆုံးနည်းက မကြိုးစားဘဲ လက်လျှော့လိုက်ဖို့ပဲ”

ပြောင်းပြန်ပြောရရင် အောင်မြင်ချင်ရင် ၊ အနိုင်ရချင်ရင် ကြိုးစားတာကို ဘယ်တော့မှ မလျှော့ဖို့ပဲလို့ ဖြစ်ပါလိမ့်မယ်။ ဘဝမှာ ထိပ်တန်းရောက် အောင်မြင်ချင်ရင် ရှုံးမှာကို မကြောက်ဖို့ ၊ ဘယ်တော့မှ လက်မလျှော့ဖို့ လိုပါတယ်။ တစ်ခါတလေမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကြိုဆိုတတ်ဖို့ပါ လိုတတ်ပါတယ်။ အကြောင်းရင်းတစ်ခုက အရှုံး ၊ စိန်ခေါ်မှုနဲ့ အပြောင်းအလဲသစ်တွေက ကျွန်တော်တို့ရဲ့ တန်ဖိုးကို ပိုတက်စေလို့ ဖြစ်ပါတယ်။

Morgan Freeman at Press Event

Photo: Sky News

“ကျွန်တော်တို့ လူတွေဟာ ဖြစ်ခြင်းသဘောထက် ရှိခြင်းတရားပေါ်မှာ ပိုစိတ်ပူနေကြတယ်”

လူတစ်ယောက်ရဲ့ ဘဝမှာ လိုအပ်တာတွေ အများကြီးပါပဲ။ ပိုက်ဆံချမ်းသာဖို့ လိုတယ်။ ပညာတတ်ဖို့ လိုတယ်။ အလုပ်အကိုင်ကောင်းရဖို့ လိုတယ်။ ဇနီးခင်ပွန်းကောင်း ရဖို့ လိုတယ်။ နာမည်ကောင်းရဖို့ လိုတယ်။ လူတွေ အသိအမှတ်ပြုခံရဖို့ လိုတယ်။ လိုအပ်ချက်တွေ သိပ်များတဲ့ လောကကြီးထဲက လောကသားတွေလို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့ မေ့နေတာတစ်ခုက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုပေါ် ပျော်ရွှင်နိုင်ပြီလားဆိုတာပါပဲ။