မနက်ခင်းဟာ သင့်တစ်နေ့တာအတွက် အရေးပါဆုံး ကာလအပိုင်းအခြားပါ။ စိတ်ထဲမှာ တက်ကြွနိုးကြားနေပြီး စွမ်းအင်အပြည့်နဲ့ မောင်းနှင်ဖို့ အသင့်ဖြစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မနက်ခင်း စိတ်အခြေအနေနဲ့ လုပ်တဲ့ အလေ့အကျင့်တွေဟာ တစ်နေ့တာလုံးကို လွှမ်းမိုးမှု ရှိပါတယ်။
မနက်ပိုင်းမှာ အမြဲလုပ်တတ်တဲ့ အလေ့အကျင့်တွေဟာ လူတစ်ယောက်ရဲ့ ပုံစံကို အများကြီး ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းအလေ့အကျင့်တွေကို အကောင်းဆုံးဖြစ်ဖို့ စီမံသင့်ပါတယ်။ မနက်ခင်းမှာ မဖြစ်မနေလုပ်မယ့် အလေ့အကျင့်တွေထဲမှာ အခုပြောမယ့်အချက်တွေ ပါသင့်ပါတယ်။

(၁) အကြောလျှော့ပါ

Photo: Freepik

မနက် အိပ်ရာထတာနဲ့ ပျင်းပြီး ပြန်မအိပ်လိုက်ပါနဲ့။ မျက်နှာသစ် ကိုယ်လက်သန့်ရှင်းပြီးတာနဲ့ အကြောအချဉ်တွေ ပျော့ပြောင်းအောင် သွေးပူလေ့ကျင့်ခန်းလေး လုပ် ၊ အကြောလေးဘာလေး လျှော့သင့်ပါတယ်။ စိတ်ရောကိုယ်ရော အာရုံစိုက်ရတဲ့ ယောဂတို့ ထိုက်ကျိတို့လို အားကစားတွေကလည်း မနက်ခင်းလေ့ကျင့်ခန်းအဖြစ် ပင်တိုင်ပါသင့်ပါတယ်။

(၂) Self-Care လုပ်ပါ

Photo: Freepik

သင့်ရုပ်ရည်ကို ဂရုစိုက်ပါ။ သပ်သပ်ရပ်ရပ်နဲ့ ယောင်္ကျားဆန်ဆန် ကြည့်ကောင်းအောင် ပြုပြုပြင်ပြင်လေး နေပါ။ အနည်းဆုံးတော့ သင့်အသားအရေကောင်းဖို့ အချိန်ပေးလိုက်ပါ။

(၃) အကျိုးရှိမယ့် စာဖတ်ပါ

Photo: Freepik

မိုးလင်းတာနဲ့ ဖုန်းဖွင့်ပြီး ဂိမ်းကစားတာမျိုး မလုပ်ပါနဲ့ ။ ဖုန်းကို သတင်းအချက်အလက် ကြည့်ဖို့လောက် သုံးပါ။ အကောင်းဆုံးက မနက်နိုးလာတာနဲ့ သတင်းစာ ဖတ်တာ ၊ ဒါမှမဟုတ် ဖတ်လက်စ စာအုပ်ဖွင့်ပြီး ၁၅ မိနစ်လောက် စာကြည့်တာမျိုး လုပ်သင့်ပါတယ်။

(၄) အချိန်မှန် အိပ်ရာက ထပါ

Photo: Freepik

အလေ့အကျင့်ဆိုတာ လုပ်ထားရင် စွဲမြဲသွားတာမျိုး ဖြစ်ပါတယ်။ မနက်ကို ၆ နာရီ အိပ်ရာထတဲ့ အလေ့အကျင့် ဖြစ်ချင်ရင် မနက်တိုင်း ၆ နာရီနိုးအောင် ည ဘက် ပုံမှန်အိပ်တာ ၊ မနက်ကို နှိုးစက်မြည်တာနဲ့ ထတာမျိုး လုပ်သင့်ပါတယ်။ မနက်အိပ်ရာထခြင်းဟာ ကိုယ့်ကိုယ်ကို ပြန်ခိုင်းတာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို လေ့ကျင့်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။

(၅) နေ့စဉ်ဇယားဆွဲပါ

Photo: Pixabay

ဒီနေ့ ဘာလုပ်မယ်ဆိုတာကို အိပ်ရာက ထပြီးတာနဲ့ ၅ မိနစ်လောက် အချိန်ယူပြီး ဇယားဆွဲထားသင့်ပါတယ်။ အရေးကြီးတဲ့ အချက်တွေကို မဖြစ်မနေ လုပ်ဆောင်ဖြစ်ဖို့အတွက် မနက်ခင်း နေ့စဉ်ဇယားက သတိပေးပါလိမ့်မယ်။ အချိန်ဇယားနဲ့ စည်းစနစ်တကျ လှုပ်ရှားအသက်ဝင်လာတဲ့ မနက်ခင်းဟာ တစ်နေ့တာလုံးကို အင်ပြည့်အားပြည့်နဲ့ အကောင်းဆုံးရလဒ်တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။