အောင်မြင်ကြီးပွားချင်ရင် သင့်မနက်ခင်းအစီအစဉ်တွေကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ မနက်ဘက် သင်လုပ်နေကျအပြုအမူ အလေ့အကျင့်တွေက သင့်ဘဝကြီးပွားတိုးတက်ရေးအတွက် သိပ်ကို အရေးပါတဲ့ အခြေခံအဆင့်လေးတွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လက်ရှိ အအောင်မြင်ဆုံးပုဂ္ဂိုလ်တွေ သူတို့မနက်ခင်းကို ဘယ်လို စတင်ကြသလဲဆိုတာ အတုယူလိုက်နာခြင်းအားဖြင့်လည်း ကိုယ့်ကိုယ်ကိုယ် ကြီးပွားရေးလမ်းကြောင်းပေါ် တွန်းတင်ရာ ရောက်ပါတယ်။

(၁) အီလွန်မတ်စ်

Tesla-Elon-Musk

Photo: electrek

လက်တွေ့ဘဝထဲက Tony Stark လို့ တင်စားခေါ်ဝေါ်နေကြတဲ့ Tesla နဲ့ SpaceX သူဌေးကြီး အီလွန်မတ်စ်ကို ကျွန်တော်တို့ မျိုးဆက်ရဲ့ ဆန်းသစ်တီထွင်မှုအရှိဆုံး ၊ အလုပ်အကြိုးစားဆုံးနဲ့ ထင်ရှားကျော်ကြားဆုံး CEOs တစ်ဦးလို့ သတ်မှတ်ထားပါတယ်။ တစ်ပတ်ကို နာရီပေါင်း ၈၀ ကနေ ၁၀၀ အတွင်း အလုပ်လုပ်လေ့ရှိတဲ့သူဟာ တစ်ည ၆ နာရီကြာအိပ်ပြီး မနက်ဆို ၇ နာရီဝန်းကျင်ထပါတယ်။ နိုးတာနဲ့ ခေါင်းကြည်ပြီး အာရုံစိုက်မှု ထက်သန်အောင် ရေမြန်မြန်ချိုး ၊ အဝတ်အစားလဲ ၊ အလုပ်မဝင်ခင် ကော်ဖီတစ်ခွက်သောက်ပါတယ်တဲ့။ ကြည့်ရတာ မနက်စာတော့ ကောင်းကောင်း စားပုံမပေါ်ပါဘူး။

(၂) ဂျက်ခ်ဒေါ်ဆီ

Jack-Dorsey

Photo: bitcoinist

Twitter နဲ့ Square တို့ကို တည်‌ထောင်ထားတဲ့ သူဌေးကြီး ဂျက်ခ်ဒေါ်ဆီဟာ မနက် ၅ နာရီ နေမထွက်ခင် အိပ်ရာက ထတတ်ပါတယ်။ အမေရိကန် CEOs တွေထဲမှာ ရုပ်ပိုင်းအပြင် စိတ်ပိုင်းနိုးကြားမြှင့်တင်ရေးကို အထူးအလေးပေးတဲ့ CEOs တစ်ဦးပါပဲ။ မနက်အိပ်ရာထထချင်း သူဟာ စိတ်စွမ်းအင် ထက်သန်စေအောင် Cold Shower ရေအေးအေးနဲ့ ချိုးပါတယ်။ ပြီးရင် တစ်နာရီကြာအောင် တရားထိုင်ပါတယ်။ ဒါမှမဟုတ် Work Out ခပ်ပြင်းပြင်း ကစားပါတယ်။ မနက်စောစော ၅ မိုင်အကွာမှာ ရှိတဲ့ အလုပ်ကို ရွရွပြေးပြီး သွားပါတယ်။ ဒေါ်ဆီကတော့ မနက်စာစားလေ့မရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

(၃) ဝါရင်ဘတ်ဖတ်

warren buffett

Photo: bangkokpost

ကမ္ဘာကျော်ရင်းနှီးမြှပ်နှံသူနဲ့ Berkshire Hathaway အမှုဆောင်အရာရှိချုပ် ဘီလျံနာကြီး ဝါရင်ဘတ်ဖတ်ဟာ မနက်တိုင်း ၆ နာရီ ၄၅ ဆို အိပ်ရာက ထပါတယ်။ နိုးတာနဲ့ ဈေးကွက်သိရဖို့ Wall Street Journal ၊ Forbes နဲ့ USA Today က သတင်းဆောင်းပါးတွေ ဖတ်ပြီး ဈေးကွက်နဲ့ စီးပွားရေးအခြေအနေကို ကြည့်ပါတယ်။ ဘတ်ဖတ်ဟာ McDonald’s က မနက်စာကို စားပြီး အလုပ်မသွားခင်မှာတော့ စာချည်း နင်းဖတ်ပါတယ်တဲ့။

(၄) မတ်ခ်ဇူကာဘတ်

Mark Zuckerberg

Photo:

Facebook တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ဟာ မနက် ၈ နာရီမှ အိပ်ရာက ထသူဖြစ်ပါတယ်။ နိုးတာနဲ့ အမြန်ပြေး လေ့ကျင့်ခန်း လုပ်ပြီး သွေးပူလေ့ကျင့်ခန်း ဆင်းပါတယ်။ ပြီးရင် Facebook ၊ Messenger နဲ့ Instagram လူမှုကွန်ရက်တွေရဲ့ Social Media Updates တွေကို စစ်ပါတယ်။ နောက် သူ့ရဲ့ နာမည်ကျော် မီးခိုးရောင် တီရှပ် ၊ ဂျင်းပြာနဲ့ Sneaker စီးပါတယ်။ မနက်စာအတွက် သိပ်ဗာရီယလည်း မထားတတ်ဘူးလို့ ဆိုပါတယ်။

Featured Photo: fearlessmotivation