ယောကျာ်းလေးအများဟာ ကြွက်သားတည်ဆောက်ခြင်းနှင့်ပတ်သတ်ပြီး စိတ်အားထက်သန်မှုရှိတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ မှားယွင်းတဲ့အရာတွေကိုပါ ဆက်လက်လုပ်ဆောင်မိတက်ပါတယ်။ မှန်ကန်တဲ့ ကြွက်သားတည်ဆောက်မှုပုံစံမဖြစ်ရင် ကြိုးစားသလောက်ရလဒ်ထွက်ပေါ်လာမှာမဟုတ်ဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ ကွီးတို့မဖြစ်မနေသတိထားသင့်တဲ့ ကြွက်သားတည်ဆောက်ခြင်းဆိုင်ရာအမှားတွေကို ပြောပြပေးချင်ပါတယ်။
(၁) လုံလောက်အောင်မစားခြင်း
Source : Geisinger
ခန္ဓာကိုယ်ဘော်ဒီတည်ဆောက်ရမှာ အရေးကြီးဆုံးအချက် အစားအဟာရဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို စနစ်တကျပြုလုပ်ပြီး လုံလောက်တဲ့အဟာရပြည့်ဝမှုရှိမှာသာ ထူးခြားတဲ့ရလဒ်ကို ခံစားရမှာပါ။ သင့်အနေနဲ့ သတိထားရမှာတစ်ခုက ကြွက်သားတွေသန်မာကြီးထွားလာဖို့နှင့် လေ့ကျင့်ခန်းလုပ်ရာမှာ လောင်စာဆီသဘောမျိုး သင့်ရဲ့ကြွက်သားတွေကိုတွန်းအားဖြစ်စေဖို့ ပရိုတင်းနဲ့ ကယ်လိုရီပမာဏ လုံလောက်စွာစားသုံးပေးရမှာဖြစ်ပါတယ်။
(၂) ရေသောက်နည်းခြင်း
Source : IMGPress
ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံက ရေဓာတ်ဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီး အဆိုပါရေဓာတ်အများစုက ကြွက်သားတွေမှာတွေ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ကြွက်သားဆဲလ်များအတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏက မဖြစ်မနေလိုအပ်တာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ကို ရေအနည်းဆုံး (၆) ခွက်သောက်သုံးဖို့လိုအပ်ပြီး ကြွက်သားတည်ဆောက်နေသူတွေအတွက်တော့ တစ်နေ့ကို ရေ (၆) ခွက်မှ (၈) ခွက်အထိ သောက်သုံးပေးရမှာဖြစ်ပါတယ်။
(၃) လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း
Source : RVA Quick Fitness
ကြွက်သားတက်ဖို့ လေ့ကျင့်ခန်းလုပ်ရာမှာ အလွန်အကျွံလုပ်မိခြင်းကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြီးဆုံးအမှားတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အနားပေးချိန်မရှိဘဲ လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်နေမိတယ်ဆိုရင် ကြွက်သားတည်ဆောက်ရာမှာ အနှောက်အယှက်ဖြစ်စေတဲ့အပြင် စိတ်ဖိစီးမှုဟော်မုန်းများတိုးကာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာကြောင့် ဖျားနာကိုက်ခဲမှုတွေပါဖြစ်လာနိုင်ပါတယ်။
(၄) မှားယွင်းတဲ့ပုံစံများဖြင့်ဝိတ်မခြင်း
Source : Crazy Bulk Reviews
ဝိတ်မတဲ့အခါမှာ နည်းစနစ်ကျကျနဲ့ မှန်ကန်ဖို့ကလည်းအရေးကြီးပါတယ်။ ဒါမှလည်း ကြွက်သားတည်ဆောက်ခြင်းမှာ ကိုယ်မျှော်မှန်းတဲ့ရလဒ်မျိုး ရရှိမှာဖြစ်ပါတယ်။ အလေးတုံးကို ကိုယ်မနိုင်တဲ့ အလေးချိန်ပမာဏထက်ပိုမသင့်သလို ထိထိရောက်ရောက်နဲ့ လုံလောက်တဲ့အကြိမ်အရေအတွက် ရှိဖို့လည်းအရေးကြီးပါတယ်။ နောက်ထပ်သတိထားရမှာတစ်ခုက အလေးကိုမြန်မြန်မခြင်းဖြစ်ပါတယ်။ ကြွက်သားအမှန်တကယ်ကြီးထွားတိုးတက်လာဖို့ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားအနည်းဆုံး ၁၀ စက္ကန့်အနားပေးသင့်ပြီး ဖြေးဖြေးနဲ့မှန်မှန်ပဲပြုလုပ်သင့်ပါတယ်။
(၅) ကောင်းစွာအိပ်စက်အနားယူမှုမရှိခြင်း
Source : Psychiatry Advisor
အိပ်ရေးပျက်ခြင်းက ကြွက်သားတည်ဆောက်မှုဆိုင်ရာလုပ်ငန်းစဉ်တွေကို အကြီးအကျယ်ပျက်စီးစေနိုင်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်ရာမှာ အစာအဟာရလုံလောက်အောင်စားသုံးခြင်းပြီးရင် ဒုတိယအရေးကြီးဆုံးက အိပ်စက်ခြင်းလို့ဆိုနိုင်ပါတယ်။ လုံလောက်စွာအိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားတွေပြန်တည်ဆောက်ခြင်းနှင့် ကြွက်သားများသန်မာကြီးထွားခြင်းတို့အတွက် အထောက်အပံ့ဖြစ်စေတာကြောင့် ကြွက်သားတည်ဆောက်နေစဉ်ကာလအတွင်း အိပ်စက်ချိန်ကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။