တစ်ချိန်မှာ ပြန်စဉ်းစားကြည့်မိရင် ကိုယ့်ကိုယ်ကို မကျေမချမ်းဖြစ်ရတဲ့ အရာတွေဆိုတာ ရှိတတ်ကြစမြဲပါ။ နောင်တဆိုတာ နောက်ကျမှ သိရတဲ့ အရာမျိုး ဖြစ်ပြီး ပူလောင်တဲ့ ခံစားမှုပေးလို့ လူတိုင်းဟာ နောင်တရမှာ စိုးကြပါတယ်။ဒီဆောင်းပါးမှာ အသက်ကြီးလို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ချိန်မှာ မလုပ်မိခဲ့လို့ နောင်တရနိုင်တဲ့ အရာ ၅ မျိုးကို စာရင်းထုတ်ထားပါတယ်။
(၁) အခွင့်အရေးရတုန်း ခရီးမထွက်မိတာ
Photo: Pexels
ဘဝမှာ ငယ်ရွယ်နုပျိုခြင်းဟာ တစ်ခါပဲ လာပြီး ငယ်ရွယ်နေချိန်မှာပဲ ကမ္ဘာတစ်လွှားကို ခြေဆန့်လို့ ကောင်းတာပါ။ လူတော်တော်များများဟာ ငယ်တုန်းရွယ်တုန်း အခွင့်အရေးတွေ ရှိနေတုန်း ခရီးမသွားမိတာကို အသက်ကြီးလာချိန်မှာ နောင်တရကြပါတယ်။အိမ်ထောင်မကျခင် ၊ အသက်ငယ်တုန်း ၊ ပိုက်ဆံလည်း ရှာနိုင်တုန်းမှာ စွန့်စားခန်း ခရီးတွေ ထွက်ပါ။ အမှတ်တရတွေ အများကြီး ဖန်တီးခဲ့ပါ။ အသက်ကြီးလာချိန်မှာ ကိုယ်သွားခဲ့တဲ့ ခရီးတွေအကြောင်းဟာ ပုံပြင်တွေလို နောင်လာနောက်သားတွေကို ပြန်ပြောလို့ ရမှာ ဖြစ်ပါတယ်။
(၂) အမုန်း ၊ သံသယတွေအကြား နေခဲ့မိတာ
Photo: Pexels
ဆိုးဝါးတဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့ပြီး ကိုယ်ရော စိတ်ပါ မွန်းကြပ် ပင်ပန်းခဲ့ရတာမျိုးတွေနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်ဆိုရင် တကယ် နောင်တရဖို့ ကောင်းတဲ့ နှစ်တွေ ဖြစ်မှာပါ။ တစ်ခါတစ်လေမှာလည်း တစ်ယောက်တည်း အထီးကျန်ရမှာ စိုးလို့ မပြေလည်တဲ့ Relationship တစ်ခုကနေ ရုန်းမထွက်နိုင်ခဲ့ဘူးဆိုရင်လည်း နောင်တရဖို့ ကောင်းပါတယ်။ဝမ်းနည်း နောင်တရစရာကောင်းတဲ့ အချစ်ရေး ၊ အိမ်ထောင်ရေး နဲ့ ဆက်ဆံရေးတွေအကြား နေခဲ့မိရင် ၊ လူတွေကို အမုန်းနဲ့ ဆက်ဆံခဲ့ပြီး သံသယနဲ့ ကြည့်ခဲ့မိတယ်ဆိုရင် အဲဒီနှစ်တွေဟာ ပြန်ယူပြီး ဖျက်ဆီးလို့ရရင် ဖျက်ဆီးပစ်ချင်တဲ့ နှစ်တွေ ဖြစ်မှာပါ။
(၃) တစ်ခြားသူတွေရဲ့ လွှမ်းမိုးမှုအောက်မှာ နေခဲ့မိတာ
Photo: Pexels
လူတွေရဲ့ အတွေးအမြင်တွေကို ဂရုစိုက်လွန်းလို့ ကိုယ်လုပ်ချင်ခဲ့တာတွေ မလုပ်မိခဲ့ရတာလည်း နောင်တရနိုင်တဲ့ အကြောင်းပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က အထင်တွေကို ခေါင်းထဲ ထည့်လွန်းလို့ အပြစ်ဆိုမှာ ကြောက်လို့ မလုပ်ဘဲ ရှောင်ရှားခဲ့တဲ့ အရေးပါတဲ့ အရာတွေအကြောင်း ပြန်စဉ်းစားမိတဲ့ အချိန်ဟာ နောင်တရမယ့် အချိန်ပဲ ဖြစ်ပါတယ်။
(၄) ချစ်တဲ့ စကား ဆိုဖို့ ကြောက်ခဲ့မိတာ
Photo: Pexels
အကြင်နာစကားတစ်ခွန်းဟာ ဆောင်း ၄ လလုံးကို နွေးထွေးစေတယ်ဆိုတဲ့ ဂျပန်စကားပုံ ရှိပါတယ်။ သင့်ဘဝမှာ တကယ်အလေးအနက် အရေးပါခဲ့ပြီး သင်ကိုယ်တိုင်လည်း ချစ်ခင်နှစ်သက်ခဲ့သူတွေကို ချစ်ခင်ကြောင်း မေတ္တာပြဖို့ အရေးကြီးပါတယ်။သင့်ကို ကျွေးမွေးပြုစုခဲ့တဲ့ ဖခင် ၊ ယုယကြင်နာခဲ့တဲ့ မိခင် ၊ သင့်ကို မိဘသဖွယ် စောင့်ရှောက်ခဲ့တဲ့ သူစိမ်းသူကျက်တွေကို ကြင်ကြင်နာနာ ဆက်ဆံဖို့ ၊ ဂရုစိုက်ဖို့ လိုပါတယ်။ မိသားစုကို အချိန်ပေးပါ။ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားပါ။ တကယ်လို့ မေ့လျော့ချန်လှပ်ခဲ့ရင် အသက်ကြီးလာချိန်မှာ နောင်တရစရာတွေ ဖြစ်လာပါလိမ့်မယ်။
(၅) ဆိုးဝါးတဲ့ အလုပ်ကနေ မထွက်ခဲ့တာ
Photo: Pexels
အလုပ်ဟာ နေထိုင်ရေး Living အတွက် မရှိမဖြစ် အရေးပါတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Living အတွက် အလုပ်များလွန်းလို့ တကယ့်ဘဝ Life ဆိုတဲ့ အဓိပ္ပါယ် ပျောက်ကွယ်လာရင် အဲဒီဘဝဟာ တန်ပါရဲ့လား။
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆင်းရဲစရာကောင်းပြီး ဂုဏ်မယူချင်တဲ့ အလုပ်ကနေ မထွက်နိုင် မခွာရက် ဖြစ်ခဲ့တာတွေ ရှိမှာပါ။ ကမ္ဘာကျော် လက်ဝှေ့သမား မိုဟာမက် အလီက ပြောဖူးပါတယ်။ စွန့်စားဖို့ သတ္တိမရှိတဲ့သူဟာ ဘဝမှာ ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူးတဲ့။
တစ်ချို့ စွန့်စားမှု Risks တွေ လက်ခံလိုက်ပါ။ Stable ဖြစ်နေတဲ့ အလုပ်ကနေ ထွက်ကြည့်ပါ။ ကိုယ်သိပ်လုပ်ချင်ခဲ့တဲ့ အလုပ်တွေ လုပ်ကြည့်ပါ။ ကိုယ်ပိုင်အလုပ်ပဲ ဖြစ်ဖြစ် ၊ တစ်ခြားအလုပ်ပဲ ဖြစ်ဖြစ် ။
သင့်အိပ်မက်တွေနောက် လိုက်ကြည့်ပါ။ မစဉ်းစားနိုင်တာတွေပါ လုပ်ကြည့်ပါ။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ နေထိုင်ကြည့်ပါ။ သင့်ကိုယ်သင် အခွင့်အရေးတွေအတွက် တံခါးဖွင့်ကြည့်ပါ။ နောင်တနည်းတဲ့သူဆိုတာ ကိုယ်လုပ်ခဲ့တာတွေကို ပြန်ဆင်ခြင်တိုင်း လိပ်ပြာလုံပြီး ရွှင်ပြုံးတဲ့ စိတ်နှလုံးနဲ့ နေနိုင်သူကို ဆိုလိုတာ ဖြစ်ပါတယ်။