ဖလွိုက်ဒ်မေဝဲသာ ဆိုတာကတော့ လက်ဝှေ့လောကမှာ မသိသူမရှိလောက်အောင် ထင်ရှာကျော်ကြားတဲ့ ကမ္ဘာကျော် လက်ဝှေ့အကျော်အမော်တစ်ဦး ဖြစ်ပါတယ်။ မေဝဲသာဟာ လက်ဝှေ့ပညာရပ်မှာ ထူးချွန်သူဖြစ်ပြီး လက်ဝှေ့အားကစားနည်းနဲ့ ဝင်ငွေအမြောက်အများရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ မေဝဲသာဟာ လက်ဝှေ့ တစ်ပွဲ ထိုးသတ်ကြေးအနေနဲ့ ဒေါ်လာသန်းနဲ့ချီရရှိတာဖြစ်ပြီး ယခုအချိန်တွင် ဒေါ်လာသန်းရာပေါင်းများစွာပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ဝှေ့ဘုရင် မေဝဲသာကတော့ ၎င်းရဲ့ဝင်ငွေအများအပြားကို ကားတွေဝယ်ယူစုဆောင်းတဲ့နေရာမှာ သုံးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။
မေဝဲသာရဲ့ ပြောကြားချက်အရတော့ သူ့မှာ ကားအစီးအရေပေါင်း ၁၀၀ ကျော်ရှိပြီး သူကြိုက်နှစ်သက်တဲ့ ကားဆိုရင် အမျိုးအစားတစ်မျိုးတည်းမှာတင် မတူညီတဲ့ပုံစံ ၃ စီးလောက်ကို ဝယ်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။ သူဟာ လော့စ်အိန်ဂျလိစ်မှာ အနက်ရောင်ကားတွေချည်း ဝယ်ယူ စုဆောင်းထားပြီး မိုင်ယာမီမှာတော့ အဖြူရောင်ကားတွေချည်း ဝယ်စုထားတယ်လို့သိရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်ဝှေ့ဘုရင် ဖလွိုက်ဒ်မေဝဲသာ ပိုင်ဆိုင်ထားတဲ့ မြောက်များလှစွာသော ကားတွေထဲကမှ အလန်းစား ကား ၅ စီးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) Bentley Mulsanne

Source: Bentley
Bentley Mulsanne က Bentley ကားတွေထဲမှာ ဈေးအကြီးဆုံး ဇိမ်ခံကားတစ်စီးဖြစ်ပါတယ်။ Mulsanne ကားဟာ မြင်းကောင်ရေ 505 အား V8 အင်ဂျင်ကိုအသုံးပြုထားပြီး ပေါင် ၆၀၀၀ နီးပါး အလေးချိန်ရှိပါတယ်။ ဒီကားဟာ ပြိုင်ကားတစ်စီးလို လမ်းမတွေပေါ် လွင့်မျောပြေးလွှားနေဖို့မဟုတ်ပဲ သက်တောင့်သက်သာနဲ့ ဇိမ်ကျကျ စီးနိုင်မယ့် ဇိမ်ခံကားတစ်စီးပဲ ဖြစ်ပါတယ်။
(၂) Bugatti Veyron

Source: Bugatti
ဒေါ်လာ ၁ သန်းကျော်တန်ကြေးရှိတဲ့ Veyron ကားဟာ မေဝဲသာရဲ့အကြိုက်ဆုံးကားတစ်စီးဖြစ်ပြီး ဒီလိုကားမျိုး သူ့မှာ အနည်းဆုံး ၃ စီးခန့် ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတန်တဲ့ Bugatti Veyron ကားဟာ မြင်းကောင်ရေ 1,000 အား ဆလင်ဒါ 16 လုံးပါ အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံးမြန်နှုန်းမှာ 407 km/h အထိ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။
(၃) Ferrari 458 Italia

Source: Ferrari
Ferrari 458 Italia ကားဟာ Bugatti Veyron လောက် လမ်းဖြောင့်တွေမှာ မြန်မြန်မမောင်းနိုင်သော်လည်း လမ်းအချိုးအကွေ့တွေမှာမောင်းနှင်မယ်ဆိုရင်တော့ အတော်လေးသာလွန်ကောင်းမွန်တဲ့ အချက်တွေရှိနေပါတယ်။ Ferrari 458 Italia ဟာ Luxury ဆန်ပြီး ထူးခြားတဲ့ဒီဇိုင်းနဲ့ လေခွင်းနိုင်စွမ်းကို ဦးစားပေးထုတ်လုပ်ထားတာဖြစ်ပါတယ်။ မေဝဲသာ အမိုးခေါက်သိမ်းနိုင်တဲ့ Ferrari 458 Italia (Convertible) ဗားရှင်းကားကိုပါ ဝယ်ယူထားတယ်လို့ သိရပါတယ်။
(၄) Ferrari 599 GTB Fiorano

Source: Ferrari
မေဝဲသာစုဆောင်းထားတဲ့ နောက်ထပ်အမိုက်စားကားတစ်စီးကတော့ Ferrari 458 Italia ထက်ကို ဈေးကြီးတဲ့ Ferrari 599 GTB Fiorano ကားပဲ ဖြစ်ပါတယ်။ ဒီကားဟာ 6.0 လီတာ V12 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ 612 အား ထုတ်လုပ်ပေးနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ 599 GTB ကားဟာ Manual ဂီယာနဲ့ Ferrari ရဲ့ နောက်ဆုံးထုတ် ကားတစ်စီးပဲ ဖြစ်ပါတယ်။
(၅) Ferrari Enzo

Source: Ferrari
Ferrari Enzo ကားကတော့ Ferrari ကို တည်ထောင်သူ အီတလီပြိုင်ကားမောင်းသူ စွန့်ဦးတီထွင်သမား Enzo Ferrari ရဲ့နာမည်ကိုအစွဲပြုပြီး ထုတ်လုပ်ထားတဲ့ ပြိုင်ကားတစ်စီးပဲ ဖြစ်ပါတယ်။ မြင်းကောင်ရေ 651 အား V12 အင်ဂျင်အမျိုးအစားကို တပ်ဆင်ထားပြီး တစ်နာရီမိုင် ၂၂၀ နှုန်းအထိ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ အမိုက်စားကားတစ်စီး ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရ လှပပြည့်စုံတဲ့ ကားတစ်စီးမဟုတ်သော်လည်း Ferrari ထုတ်ကားတွေထဲမှာတော့ အကောင်းဆုံးကားတစ်စီးဆိုတာ ငြင်းလို့မရနိုင်ပါဘူး။
Featured Photo : Wheels Inquirer
