ဘီယာဟာ ကမ္ဘာပေါ်က လူကြိုက်အများဆုံး အဖျော်ယမကာတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ သောက်စရာ ဖျော်ရည်တွေထဲမှာ ရေနှင့် လက်ဖက်ရည်ပြီးရင် လူကြိုက်အများဆုံး နံပါတ် ၃ နေရာမှာ ရပ်တည်နေတာကလည်း ဘီယာပါပဲ။ များသောအားဖြင့် ဘီယာဟာ လူတိုင်းသောက်နိုင်လောက်တဲ့ သင်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ နေရာတိုင်းမှာ လွယ်လွယ်ကူကူဝယ်လို့ရပေမယ့် သင်အလွယ်တကူမဝယ်နိုင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဒီလိုဈေးကြီး ဘီယာတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ ဘီယာတချို့ အကြောင်း ကွီးတို့အတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
(၁) Allsopp Arctic Ale

ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာတွေအကြောင်းပြောမယ်ဆို နှစ်ပေါင်း ၁၄၀ ကျော်သက်တမ်းရှိတဲ့ Arctic Ale ဘီယာပုလင်းတွေကို အရင်ဆုံးပြောရမှာပါ။ ၁၈၇၅ ခုနှစ်လောက်က George Nares ဦးဆောင်တဲ့ လေ့လာစူးစမ်းရေးအဖွဲ့တစ်ခုဟာ အင်္ဂလန်နိုင်ငံ၊ Shropshire ပြည်နယ် ၊ Gobowen ရွာလေးမှာ Arctic Ale ဘီယာပုလင်း ဒါဇင်အနည်းငယ်ကို ရှာဖွေ့တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲကတစ်လုံးကို ဒေါ်လာ ၅၀၃,၃၀၀ နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။
(၂) Nail Brewing’s Antarctic Nail Ale

Antarctic Nail Ale ဘီယာကတော့ သြတေးလျနိုင်ငံ Perth မြို့မှာရှိတဲ့ Nail Brewing ဘီယာကုမ္ပဏီက ထုတ်လုပ်တဲ့ စိတ်ဝင်စားစရာ ဘီယာတစ်မျိုး ဖြစ်ပါတယ်။ အန္တာတိကတိုက်မှာရှိတဲ့ ရေခဲတောင်မှ ရေခဲအချို့ကိုအရည်ဖျော်ကာ ဘီယာအဖြစ်ပြန်လည်ချက်လုပ်ထားတာ ဖြစ်ပါတယ်။ စုစုပေါင်း ဘီယာပုလင်း ၃၀ သာထုတ်လုပ်ခဲ့ပြီး အယ်လ်ကိုဟောပါဝင်မှုပမာဏ ၁၀ ရာခိုင်နှုန်းရှိတဲ့ 500 ml ဘီယာ ပုလင်းတစ်လုံးကို ၁၈၁၅ ဒေါ်လာ နဲ့လေလံတင် ရောင်းချခဲ့ပါတယ်။
(၃) Cantillon Loerik 1998

Cantillon Loerik ဘီယာကတော့ အယ်လ်ကိုဟော ပါဝင်မှုပမာဏ ၅ ရာခိုင်နှုန်းသာရှိပြီး ၁၉၉၈ ခုနှစ်က တစ်ကြိမ်သာထုတ်လုပ်ခဲ့တဲ့ အနုစိတ်လက်ရာများနဲ့ ရှားပါး Gueuze ဘီယာအမျိုးအစား ဖြစ်ပါတယ်။၂၀၁၄ ခုနှစ်က Skinner လေလံပွဲမှာ 0.75 လီတာရှိတဲ့ Cantillon Loerik ဘီယာတစ်လုံးကို ၂,၅၈၃ ဒေါ်လာနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပြီး 500 ml ပုလင်းဆိုရင် ၁,၇၂၂ ဒေါ်လာနဲ့ တတိယဈေးအကြီးဆုံး ဘီယာအဖြစ် ရပ်တည်လျက်ရှိပါတယ်။
(၄) Brewdog’s The End of History

စကော့တလန် ဘီယာချက်စက်ရုံ BrewDog ကချက်လုပ်တဲ့ The End of History ဘီယာကတော့ ဈေးအကြီးဆုံးဘီယာစာရင်းမှာ ပါဝင်တဲ့အပြင် အပြင်းစားဘီယာတစ်မျိုးလို့လည်း ဆိုရမှာဖြစ်ပါတယ်။ သေဆုံးပြီးဖြစ်တဲ့ တိရစ္ဆာန်လေးတွေနဲ့ ဘီယာပုလင်းကို ထူးထူးခြားခြား အလှဆင်ထားပြီး စုစုပေါင်း ဘီယာပုလင်း ၁၂ လုံးသာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုပမာဏ ၅၅ ရာခိုင်နှုန်းရှိပြီး ဈေးနှုန်းကတော့ ၁၁၅၉ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။
(၅) De Cam & 3 Fonteinen Millennium Geuze

ဒီဘီယာကတော့ ၂၀၀၀ ပြည့်နှစ်ကို ကြိုဆိုဖို့အတွက် ရည်ရွယ်ပြီး ၁၉၉၈ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံမှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ De Camနဲ့ 3 Fonteinen တို့ရဲ့ ပူးပေါင်းထုတ်လုပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုပမာဏ ၇ ရာခိုင်နှုန်း ရှိပြီး ပုလင်းစုစုပေါင်း ၈ဝဝဝ သာ ထုတ်လုပ်ခဲ့တာပါ။
ခုလက်ရှိအချိန်ထိ ကျန်ရှိတဲ့ပုလင်းတွေကိုတော့ ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ မြေအောက်သိုလှောင်ရုံတွေမှာ စနစ်တကျသိမ်းဆည်းထားပြီး စျေးနှုန်းအားဖြင့် 500 ml ပုလင်းကို ၆၁၆ ဒေါ်လာ အထိပေါက်စျေးရှိပါတယ်။
Source : Luxatic
Featured Photo : Luxatic
