ဘောလုံးစတားတွေရဲ့ နေထိုင်မှုဘဝဟာ သူလိုကိုယ်လို သာမန်လူတို့အဖို့တော့ အံ့ဖွယ်တစ်ပါးလို့ ဆိုရမှာပါ။ ‌ဒေါ်လာသန်းချီတန်တဲ့ အိမ်ခြံမြေ နဲ့ ကားတွေ ထည်လဲစီး ၊ အချောတကာ့အချောဆုံးဆိုတဲ့ မော်ဒယ်လေးတွေနဲ့ တွဲနေတာကို အပြင်လူတွေအနေနဲ့ ကြည့်ရတာကိုက သွားရည်ယိုစရာတစ်မျိုးပါပဲ။

Luxury Lifestyle နဲ့ ဘဝခရီးဖြတ်သန်းနေကြတဲ့ ကမ္ဘာကျော် ဘောလုံး Cele တွေရဲ့ ပိုင်ဆိုင်မှုတွေအကြောင်း ပြောရင် သူတို့နေထိုင်ရာ စံအိမ်ကြီးတွေအကြောင်း ချန်ထားလို့ မရပါဘူး။ ကဲ.. ဘောလုံးလောကထဲမှာ ဘယ်သူတွေက ဘယ်လောက်တန်ဖိုးကြီးတဲ့အိမ်ကြီးတွေ ပိုင်ဆိုင်ကြသလဲ ကြည့်ရအောင်ပါ။

(၅) လိုင်ယွန်နယ်မက်ဆီ – ပေါင် ၅.၇ သန်း

Messi

Photo: Pinterest

ဒီနှစ်ထဲမှာပဲ ဘာစီလိုနာကို စွန့်ခွာခဲ့တဲ့ ဘလွန်းဒီအော ၇ ဆုရှင် ကမ္ဘာကျော်ဘောလုံးသမား လိုင်ယွန်နယ်မက်ဆီအတွက်တော့ ဘာစီလိုနာဟာ သူ့ရဲ့အိမ် ဖြစ်နေဆဲပါပဲ။ အခုထိလည်း သူဟာ ဘာစီလိုနာမှာ ပေါင် ၅.၇ သန်းတန် စံအိမ်ကြီး ပိုင်ဆိုင်ထားပါတယ်။ မက်ဆီရဲ့ အိမ်ဟာ ဘာစီလိုနာ နူးကမ့်ကွင်းနဲ့ ၁၂ မိုင်အကွာ Castelldefels မှာ ရှိပြီး ဘောလုံးကွင်းငယ်တစ်ခု ၊ ရေကူးကန်နဲ့ တခြားဇိမ်ခံအသုံးအဆောင်တွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။

(၄) ခရစ္စတီယာနို ရော်နယ်ဒို – ပေါင် ၈ သန်း

Cristiano Ronaldo

Photo: robbreport

မန်ချက်စတာကို ပြန်မရောက်ခင် ဂျူဗင်တပ်စ်မှာတုန်းက ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူနေဖို့အတွက် အိမ်တစ်လုံး ဝယ်ခဲ့ပါတယ်။ တူရင်မှာ ရှိတဲ့ အဲ့ဒီအိမ်က ပေါင် ၈ သန်း တန်ပါတယ်။ ခေတ်မီနည်းပညာတွေ ပါဝင်တဲ့ အားကစားခန်းမ ၊ ရေကူးကန် ၊ ဘောလုံးကွင်းစတဲ့ ဘောလုံးသမားတို့အတွက် လိုအပ်တဲ့ အသုံးအဆောင်နေရာဌာနတွေ အစုံပါဝင်ပါတယ်။

(၃) ကာကာ – ပေါင် ၉ သန်း

Kaka-s-house

Photo: fanpop

ကမ္ဘာကျော် ဘရာဇီးဘောလုံးသမား ကာကာဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဇိမ်ခံစံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ပါတယ်။ အဲ့ဒီအိမ်ဟာ သူနဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒို နေသွားခဲ့တဲ့နေရာနဲ့ အတော်လေး နီးပါတယ်။ လူကုံထံတွေ သီးသန့်နေတဲ့ La Finca ဧရိယာမှာ နေတာဖြစ်ပြီး စံအိမ်ရဲ့ တန်ကြေးက ခန့်မှန်းခြေ ပေါင် ၉ သန်းခန့် ရှိမယ်လို့ ယူဆရပါတယ်။ မေဂျာလိဂ်ကို မပြောင်ခင် ဝယ်ခဲ့တာပါ။ နောက်တော့ ဂါရတ်ဘေးလ်အပါအဝင် တခြား ကမ္ဘာကျော်ဘောလုံးသမားတွေကို အငှားချထားခဲ့ပါတယ်။

(၂) ဝိန်းရွန်နီ – ပေါင် သန်း ၂၀

WayneRooneyHouse

Photo: bleacherreport

ဝိန်းရွန်နီရဲ့ ဒေါ်လာသန်း ၂၀ တန် စံအိမ်ကြီးက ချက်ခ်ရှိုင်းယားမှာ ရှိပါတယ်။ ဘောလုံးသမားတွေထဲမှာ ဒုတိယဈေးအကြီးဆုံးဇိမ်ခံအိမ်ကြီး ဖြစ်ပြီး အင်္ဂလိပ်တွေအကြိုက် ခန့်ညားထည်ဝါမှုနဲ့ ခေတ်ဟောင်းစတိုင်အတိုင်း တည်ဆောက်ထားတာပါ။ အိပ်ခန်း၆ ‌ဆောင်ပါ ဒီအိမ်ကြီးကို ၂၀၁၇ ခုနှစ်က စပြီး တည်ဆောက်ခဲ့တာ ဖြစ်ပြီး အိမ်ရှေ့မှာ လူလုပ်ရေကန် ၊ အိမ်တွင်းမှာ ကားဂိုဒေါင် ၊ Indoor Swimming Pool ၊ စနူကာခန်းနဲ့ ဘား ၊ ရုပ်ရှင်ကြည့်နိုင်မယ့်အခန်း ၊ မိသားစုနေအိမ်နဲ့ ဘောလုံးကွင်းတွေလည်း ပါဝင်မှာပါ။

(၁) ဒေးဗစ်ဘက်ခ်ဟမ်း – ပေါင် ၃၉.၅ သန်း

David Beckham

Photo: foxtons

ဘောလုံးသမားတွေထဲမှာ ဈေးအကြီးဆုံးအိမ်ပိုင်ရှင်က ဒေးဗစ်ဘက်ခမ်းရဲ့ လန်ဒန်စံအိမ်ဖြစ်ပါတယ်။ ဂန္ဓဝင်ဘောလုံးအကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခ်ဟမ်းဟာ ၂၀၁၃ ခုနှစ်က ပေါင် ၃၁.၅ သန်းပေး ဝယ်ခဲ့တာ ဖြစ်ပြီး ပြန်မွမ်းမံရာမှာ နောက်ထပ် ပေါင် ၈ သန်းအထိ ထပ်သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ စံအိမ်ကတော့ အိမ်ဆိုတာထက် အင်္ဂလန်နန်းတော်တစ်ခုနဲ့ ဆင်ပြီး နာမည်ကျော် ဆိုင်မွန်ကိုးဝဲလ် ၊ ရော်ဘီဝီလျံစ်တို့နဲ့လည်း အိမ်နီးချင်းဖြစ်ပါတယ်။

Featured Photo: robbreport