ဖုန်းတစ်လုံးအတွက် ပိုက်ဆံဘယ်လောက် သုံးသင့်သလဲလို့ မေးရင် အနည်းဆုံး ၃ သိန်းခွဲကနေ အများဆုံး ၇ သိန်းခွဲ ၈ သိန်းလောက်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ဖုန်းတိုင်းဟာ အလယ်အလတ်တန်းစား Mid-Range ချည်းမဟုတ်သလို ဖုန်းကိုင်တဲ့လူတိုင်းကလည်း Budget ဖုန်းဖြစ် ပြီးရော ကိုင်တာမှ မဟုတ်တာ။ တချို့တွေကျတော့လည်း ဖုန်းတစ်လုံးကို ဒေါ်လာထောင်ကျော် ပေးဝယ်သုံးကြတာပါပဲ။
ဒီလိုမျိုး အဖိုးတန်မှ ကိုင်တယ်ဆိုတဲ့လူတွေတောင် အခုပြောမယ့် ဖုန်းဈေးကြားရရင် မျက်လုံးပြူးသွားပါလိမ့်မယ်။ ဒီဆောင်းပါးမှာ ဖော်ပြသွားမယ့် ဖုန်းတွေက ကမ္ဘာပေါ်က ဈေးအကြီးဆုံးဆိုတဲ့ ဖုန်းတွေဖြစ်လို့ပါပဲ။ ဒီဖုန်းတွေဟာ ဒေါ်လာသန်းနဲ့ချီတန်တာ ဖြစ်လို့ တော်ရုံမီလျံနာတောင် စိတ်ကူးယဉ်မိမှာ မဟုတ်ပါဘူး။ ကဲ ဘယ်လို ဖုန်းတွေလဲ ကြည့်လိုက်ရအောင်ပါ။

(၅) iPhone 3G Kings Button

iPhone 3G Kings Button

Photo: newatlas

၂၀၀၈ မှာ ထွက်ခဲ့တဲ့ Apple ရဲ့ ဒုတိယမြောက် iPhone ကို ဩစတြေးလျဒီဇိုင်နာ ပီတာအယ်လစ်ဆန်က ၁၈ ကာရက်ရှိတဲ့ အဖြူ ၊ အဝါ နဲ့နှင်းဆီရွှေသားနဲ့ ပြန်ပြီး ဖန်တီးလိုက်တာပါ။ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ဈေးအကြီးဆုံး ဖုန်းဖြစ်ပြီး iPhone 3G Kings Button လို့ နာမည်ပေးထားပါတယ်။ အဖြူရောင်ရွှေပြားနဲ့ ဖုန်းဘောင်တစ်ခုလုံးကို ကွပ်ထားပြီး ရွှေပြားခတ်တဲ့ အပေါ်မှာမှ စိန်အလုံးရေ ၁၃၈ လုံးနဲ့ အလှဆင်ထားတာပါ။ အထူးခြားဆုံးက Home Button နေရာမှာ မူလ iPhone Home Button အစား ၆.၆ ကာရက် Single-cut စိန်တုံးကြီး သုံးထားတာပါပဲ။ စုစုပေါင်း ဒေါ်လာ ၂.၅ သန်း တန်တဲ့ ဖုန်းဖြစ်ပါတယ်။

(၄) Goldstriker iPhone 3GS Supreme

Goldstriker iPhone 3GS Supreme

Photo: alux

ကမ္ဘာ့စတုတ္ထမြောက် ဈေးအကြီးဆုံးအဖြစ် Goldstriker iPhone 3GS Supreme လို့ နာမည်ပေးထားတဲ့ ဖုန်းက တန်ဖိုး ဒေါ်လာ ၃.၂ သန်းနဲ့ ရပ်တည်နေပါတယ်။ iPhone 3G Kings Button နဲ့ features ချင်း သိပ်မကွာပေမယ့် သုံးထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ ဖန်တီးသူရဲ့ လက်ရာကြောင့် အခုလောက် ဈေးမြောက်သွားတာပါ။ ဒီဖုန်းကို စတူးအာ့တ်ဟုချ်စ်က ၂၂ ကာရက်ရွှေချိန် ၂၇၁ ဂရမ်သုံးပြီး ဖန်တီးထားတာပါ။
ဖုန်းဘောင် Bezel ဟာ စိန်ပေါင်း ၁၃၆ လုံးနဲ့ ကွပ်ထားပြီး ကျောဘက် Apple logo ကို စိန်ပေါင်း ၅၃ လုံးနဲ့ အလှဆင်ထားပါတယ်။ ဖုန်း Home Button ကိုလည်း Kings Button လိုပဲ စိန်တုံးကြီး သုံးထားပါတယ်။ စိန်ကာရက်ကတော့ ပိုပြီး ကြီးတဲ့ ၇.၁ ကာရက်စိန်ကို သုံးထားတာပါ။

(၃) Stuart Hughes iPhone 4 Diamond Rose Edition

Stuart Hughes iPhone 4 Diamond Rose Edition

Photo: gqindia

နာမည်ကြီး Luxury ဖုန်းဒီဇိုင်နာ စတူးအာ့တ် ဟုချ်ရဲ့ လက်ရာပဲ ဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယမြောက် တန်ဖိုးအကြီးဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ ဒေါ်လာ ၈ သန်းတန် ဒီဖုန်းကို iPhone 4 Diamond Rose Edition လို့ နာမည်ပေးထားပြီး နှစ်လုံးပဲ ထုတ်ထားတာပါ။ ၁၀၀ ကာရက် စိန်အလုံးရေ ၅၀၀ နဲ့ နှင်းဆီရောင် ရွှေသားနဲ့ ဖန်တီးထားပြီး Apple လိုဂိုကို စိန်တုံး ၅၃ လုံးနဲ့ အလှဆင်ထားပါတယ်။
အပေါ်က ဖုန်းနှစ်လုံးလိုပဲ Home Button ကို ပန်းနုရောင် Single-Cut စိန်တုံး သုံးထားပါတယ်။ စိန်ကာရက်ကတော့ ၈.၆ ကာရက် ဖြစ်ပါတယ်။ တကယ်လို့ ၈.၆ ကာရက်စိန်ကြီး ပျောက်သွားရင် Home Button နေရာမှာ သုံးဖို့ နောက်ထပ် ၇.၆ ကာရက် စိန်လည်း ထည့်ပေးထားပါတယ်။ ဖုန်းဗူးကိုလည်း ပလတ်တီနမ်တုံးကိုမှ မူလ T-Rex ဒိုင်နိုဆောအရိုးအစိတ်အပိုင်းအလှဆင်ထားတဲ့အစိတ်အပိုင်းတွေနဲ့ ဖန်တီ

(၂) Stuart Hughes iPhone 4s Elite Gold

Stuart Hughes iPhone 4s Elite Gold

Photo: stuarthughes

ဒေါ်လာ ၉.၄ သန်းတန် ကမ္ဘာ့ဒုတိယဈေးအကြီးဆုံးဖုန်းကိုလည်း စတူးအာ့တ် ဟုချ်ကပဲ ဖန်တီးထားတာပါ။ iPhone 4s Elite Gold မှာ ၁၀၀ ကာရက် စိန်အလုံးရေ ၅၀၀ နဲ့ ကျောဘက်နဲ့ Logo ကို ၂၄ ကာရက်ရွှေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ လိုဂိုကို စိန် ၅၃ လုံးနဲ့ တန်ဆာဆင်ထားပြီး Home Button ကို ၈.၆ ကာရက် Single-Cut စိန်နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ ဖုန်းဗူးဟာ မူလ T-Rex ဒိုင်နိုဆောအရိုးအစိတ်အပိုင်းတွေကို ပေါလစ်တင်ထားတဲ့ ပလတ်တီနမ်ပြားနဲ့ လုပ်ထားပြီး တန်ဖိုးကြီးကျောက်မျက်တွေ ကွပ်ပေးထားပါတယ်။

(၁) Falcon Supernova iPhone 6 Pink Diamond

Falcon Supernova iPhone 6 Pink Diamond

Photo: Pinterest

ဒေါ်လာ ၄၈.၅ သန်းတန် ဖုန်းကို ဝယ်ကိုင်တဲ့သူ ရှိပါ့မလားလို့ ထင်ကြပါလိမ့်မယ်။ Falcon Supernova iPhone 6 Pink Diamond ဆိုတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဖုန်းကို ဝယ်ထားသူကတော့ အာရှအချမ်းသာဆုံးသူဌေးကြီး မူးကတ်ချ်အမ်ဘာနီ ရဲ့ဇနီးနဲ့ အိန္ဒိယခရစ်ကတ်အသင်းပိုင်ရှင် နီတာ အမ်ဘာနီပါပဲ။ ၂၀၁၄ မှာ မိတ်ဆက်ခဲ့တဲ့ iPhone 6 ဆိုတာ အခုချိန်မှာ အတော်ကြီးကို မော်ဒယ်အောက်နေပြီ ဖြစ်တဲ့ ဖုန်းပါ။
ဒါပေမယ့် နီတာ အမ်ဘာနီကိုင်တဲ့ ဒီ iPhone 6 ကတော့ ပစ္စည်းထက် အဆင်တန်ဆာတွေက မက်လောက်စရာပါပဲ။ Falcon Supernova ဟာ ၂၄ ကာရက်ရွှေအုပ်ထားပြီး ကျောဘက်မှာ ပန်းနုရောင်ဧရာမစိန်တုံးကြီးနဲ့ အလှဆင်ထားပါတယ်။ ပိုင်ရှင်ရဲ့ သတင်းအချက်အလက်တွေ ဘေးကင်းစေဖို့ Hacking Prevention နည်းပညာ ပါရှိပြီး ရွှေပေါ်မှာ ပလတ်တီနမ် Coat လုပ်ထားပါတယ်။
ကမ္ဘာပေါ်မှာ ဒေါ်လာ ၁၀၀၀ ဝန်းကျင်တန် iPhone ကိုင်နိုင်ဖို့ ဆုတောင်းနေရတဲ့ လူတွေအတွက်တော့ အခုပြောတဲ့ ဖုန်းတွေဟာ အိပ်မက်ထဲတောင် ရောက်လာဖို့ မရှိဘူးဆိုရင် လွန်မယ်မထင်ပါဘူး။

Featured Photo: Pinterest