တချို့သော ချမ်းသာကြွယ်ဝသူတွေဟာ ဒေါ်လာသန်းချီတဲ့ ဇိမ်ခံအိမ်ကြီးတွေ ၊ ဇိမ်ခံကားတွေဝယ်ယူလေ့ရှိကြသလို ဈေးကြီးပေးရတဲ့ ထူးထူးဆန်းဆန်းပစ္စည်းတွေကိုလည်း ဝယ်ယူစုဆောင်းလေ့ရှိ ကြပါတယ်။ ဒီထဲကမှ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး သတ်မှတ်ခံထားရတဲ့ ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Yacht History Supreme

History Supreme ကတော့ ဒေါ်လာ ၄.၈ ဘီလီယံခန့် တန်ကြေးရှိတဲ့ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ရွက်လှေတစ်စင်းဖြစ်ပါတယ်။ ကမ္ဘာကျော် UK အခြေစိုက် luxury ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Stuart Hughes မှ ဒီဇိုင်းရေးဆွဲပေးထားပြီး ၃ နှစ်ခန့် အချိန်ယူတည်ဆောက်ခဲ့ရတာပါ။ အရှည် ပေ ၁၀၀ ရှိတဲ့ ဒီရွတ်လှေကို မလေးရှား စီးပွားရေးသမားတစ်ဦးမှ ဒေါ်လာ ၄.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။
(၂) Antilia

Antilia ကတော့ မွန်ဘိုင်းမှာရှိတဲ့ ဇိမ်ခံအဆောက်အဦးတစ်ခုဖြစ်ပြီး အာရှရဲ့ အချမ်းသာဆုံး ဘီလျံနာ Mukesh Ambani မှပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ၂၇ ထပ်ရှိတဲ့ အဆိုပါအဆောက်အဦးကြီးမှာ ရဟတ်ယာဉ် ရပ်နားကွင်းများ ၊ ကား ၁၆၈ စီး ရပ်နားနိုင်မယ့် ကားပါကင် ၊ မြန်နှုန်းမြင့် ဓာတ်လှေကား ၉ စင်း၊ ထိုင်ခုံ ၅၀ ပါရုပ်ရှင်ရုံနဲ့ တခြားဇိမ်ခံပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ပြင်းအား ၈.၀ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းဆွဲတည်ဆောက်ထားတဲ့ ဒီအဆောက်အဦးကတော့ ဈေးနှုန်း ၂ ဘီလီယံရှိပါတယ်။
(၃) Ferrari GTO

Ferrari GTO ကတော့ ဒေါ်လာ ၅၂ မီလီယံ တန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကားတစ်စီးဖြစ်ပါတယ်။ Bloomberg အဆိုအရ ဒီကားကို Paul Pappalardo ထံမှ အမည်မဖော်လိုသူ တစ်ဦးက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ GTO ကားကို ပြင်သစ်ပြိုင်ကားမောင်းသမား Jean Guichet မောင်းနှင်ပြီး 1963 Tour de France ပြိုင်ပွဲမှာ အနိုင်ရခဲ့ဖူးပါတယ်။
(၄) The Card Players

The Card Players ပန်းချီကားကတော့ ကာတာနိုင်ငံ Al Thani တော်ဝင်မိသားစုမှ ပိုင်ဆိုင်ထားပြီး နာမည်ကျော် ပြင်သစ်ပန်းချီပညာရှင် Paul Cezzane ရဲ့ အနုပညာလက်ရာ ဖြစ်ပါတယ်။ ကမ္ဘာ့အရှားပါးဆုံး ပန်းချီကားတစ်ချပ်ဖြစ်တဲ့ The Card Players ပန်းချီကားရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၇၅ မီလီယံရှိပါတယ်။
(၅) Perfect Pink

လှပလွန်းတဲ့ Perfect Pink (ပန်းရောင်စိန်) ကို ဟောင်ကောင် Christie’s မှာ ဒေါ်လာ ၂၃.၂ မီလီယံနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ Christie’s Asia ရဲ့ ဒါရိုက်တာ Vickie Sek ကတော့ ဒီစိန်ဟာ အာရှတိုက်မှာ တန်ဖိုးအကြီးဆုံး ရတနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
Featured Photo : The Teal Mango
