သင့်မှာ ပိုက်ဆံတွေ အများကြီးရှိရင် ဘာလုပ်ဖြစ်မလဲလို့ မေးပါရစေ။ ကားသစ်ဝယ်မလား ၊ ဇိမ်ခံခရီးတွေ လျှောက်သွားမလား။ လုပ်ငန်းတွေ ထောင်မှာလား။ ပန်းချီကားလို အနုပညာပစ္စည်းတွေ ဝယ်စုမှာလား။ စိတ်ကူးလို့ရသမျှတွေ ချရေးကြည့်ပါ။ သင့်စိတ်ကူးထဲက စာရင်းမှာ အခုပြောမယ့် ပစ္စည်းတွေ ပိုင်ဆိုင်ဖို့ သင့်ရဲ့ စိတ်ကူးယဉ်ဒေါ်လာသန်းပေါင်းများစွာကို သုံးဖြစ်မှာ မဟုတ်ဘူးဆိုတာတော့ ကြိုပြောချင်ပါတယ်။
ငွေကို ရေလိုသုံးနိုင်အောင် ချမ်းသာသူဆိုရင်တောင် အခုပြောမယ့် ပစ္စည်းတွေ ဝယ်ဖို့ စိတ်ကူးမိမှာ မဟုတ်ပါဘူး။ အခုပြောမှာက ချမ်းသာရုံနဲ့ ငွေသုံးဖြစ်မှာ မဟုတ်တဲ့ ကမ္ဘာပေါ်က ဈေးအကြီးတကာ့အကြီးဆုံး ဆိုတဲ့ အရာတွေအကြောင်း ဖြစ်လို့ပါပဲ။
(၁) Graff Diamonds Hallucination Watch

Photo: DNA India
ဒေါ်လာ ၅၅ သန်းတန် နာရီတစ်လုံးဟာ နောက်ဘဝရောက်တဲ့အထိ မြတ်နိုးစရာကောင်းလောက်တဲ့ ဒီဇိုင်း ဖြစ်သင့်တယ်လို့ မထင်ဘူးလား။ ကမ္ဘာ့ဈေးအကြီးဆုံး နာရီအဖြစ် Graff Diamonds ကနေ ဖန်တီးလိုက်တဲ့ Graff Diamonds Hallucination Watch ကတော့ တန်ဖိုးကြီးရင် ပြီးရော ဖန်တီးထားသလား အောက်မေ့ရပါတယ်။ ကမ္ဘာ့အရှားပါးဆုံး စိန်အရောင်တွေ ဖြစ်တဲ့ Fancy Intense Pink ၊ Fancy Light Grey Blue ၊ Fancy Orange ၊ Fancy Green စတဲ့ အရောင်စုံ ၁၀၀ ကာရက်စိန်တွေနဲ့ ဖန်တီးထားပြီး ၂၀၁၄ ခုနှစ်က Baselworld မှာ ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။
(၂) 1963 Ferrari 250 GTO

Photo: DNA India
WeatherTech တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဒေးဗစ် မက်စ်နေးလ်ဆိုသူဟာ ၂၀၁၈ ခုနှစ်မှာ ကားတစ်စီးကို ဒေါ်လာသန်း ၇၀ ပေး ဝယ်ခဲ့ပါတယ်။ အဲ့ဒီကားကတော့ Tour de France ပွဲမှာ အနိုင်ရခဲ့တဲ့ 1963 Ferrari 250 GTO ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကားလို့ ဆိုနိုင်ပါတယ်။
(၃) Bluefin Tuna

Photo: DNA India
ငါးတစ်ကောင်ကို ဒေါ်လာ ၃.၁ သန်းပေး ဝယ်တဲ့လူလည်း ရှိပါတယ်။ဂျပန်ဆူရှီသူဌေးတစ်ဦးဟာ ၂၀၁၉ ခုနှစ်က တိုကျိုငါးဈေးကနေ ၆၁၂ ပေါင် ရှိတဲ့ Bluefin တူနာငါးတစ်ကောင်ကို ဒေါ်လာ ၃.၁ သန်းနဲ့ ဝယ်သွားတာပါ။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့ WWF ကနေ မျိုးသုဉ်းတော့မယ့် တိရစ္ဆာန်စာရင်းမှာ တရားဝင်ကြေညာထားတဲ့ တူနာငါး ဖြစ်ပါတယ်။
(၄) Antilia

Photo: DNA India
Antilia ဆိုတာ မွမ်ဘိုင်းက အိမ်တစ်လုံးရဲ့ နာမည်ပါ။ ရိုးရိုးအိမ်တော့ မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံက ဘုရင်မကြီး စံမြန်းရာ ဘာကင်ဟမ်နန်းတော်ထက် ဈေးကြီးတဲ့ ၂၇ ထပ်ပါ အိမ်ဖြစ်လို့ပါ။ ခန့်မှန်းခြေ ဒေါ်လာ ၁ ဘီလျံကနေ ၂ ဘီလျံအကြား အကုန်အကျခံတည်ဆောက်ထားတာ ဖြစ်ပြီး ချီကာဂိုက ဗိသုကာပညာရှင်တွေ ဖြစ်တဲ့ Perkins နဲ့ Will တို့ရဲ့ လက်ရာလည်း ဖြစ်ပါတယ်။ အာရှရဲ့အချမ်းသာဆုံး သူဌေးကြီး မူးကတ်ချ်အမ်ဘာနီပိုင်ဆိုင်ပြီး ငလျင်ဒဏ် ရစ်ချတ်စတာစကေး ၈.၀ ဒဏ်ခံနိုင်တယ်လို့ ဆိုပါတယ်။
(၅) Manhattan Parking Spot

Photo: DNA India
ပါကင်ထိုးဖို့ နေရာကို ဒေါ်လာ ၁ သန်းပေး ဝယ်မှာထက် အိမ်ဝယ်တာ ပိုကောင်းမှာပဲလို့ တွေးမိပါလိမ့်မယ်။ မက်ဟန်တန်က ကားထားဖို့ တစ်နေရာစာကို ဒေါ်လာ ၁ သန်း ပေးရတဲ့ နေရာရှိပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပါကင်ထားတဲ့နေရာပါ။ 42 Crosby St လုပ်ငန်းက တည်ဆောက်ထားတဲ့ Luxury condo မှာ ကားရပ်နားနိုင်မယ့် နေရာ ၁၀ ခု ရှိပြီး ကားတစ်နေရာစာရပ်ဖို့ ဒေါ်လာ ၁ သန်းပေးရပါတယ်။
(၆) Leonardo da Vinci’s Salvator Mundi

Photo: DNA India
အနုပညာပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာသန်းပေါင်းများစွာ တန်နိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဆော်ဒီမင်းသား Mohammed bin Farhan al-Saud ဝယ်သွားတဲ့ ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီရဲ့လက်ရာ လောကကို ကယ်တင်သူ (The Salvator Mundi) ဟာ ဒေါ်လာ သန်း ၄၅၀.၃ သန်း ရှိပါတယ်။ Christie’s လေလံရုံကနေ လေလံဆွဲသွားတာပါ။ ကမ္ဘာဈေးအကြီးဆုံး ပန်းချီလို့ ဆိုနိုင်ပါတယ်။
(၇) Pasion Azteca

Photo: DNA India
ပလတ်တီနမ်အရက်ပုလင်းတစ်လုံးဖြစ်တဲ့ Pasion Azteca ကို ကမ္ဘာ့ဈေးအကြီးဆုံး တက်ကီလာလို့ သတ်မှတ်ထားပါတယ်။ ပလတ်တီနမ်ရွှေဖြူနဲ့ လုပ်ထားတဲ့ ပုလင်းမှာ စိန်အလုံးရေ ၆၄၀၀ ကွပ်ထားလို့ပါပဲ။ ဒီပုလင်းရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃.၅ သန်း လို့ ဆိုပါတယ်။
(၈) Falcon Supernova iPhone 6 Pink Diamond

Photo: DNA India
iPhone 6 ကို တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ ပြန်ဖန်တီးလိုက်ချိန်မှာ ဒေါ်လာ ၄၈.၅ သန်းတန်ဖုန်းတစ်လုံး ဖြစ်လာပါတယ်။ ကျောဘက်မှာ ပန်းရောင်စိန်တုံးကြီးနဲ့ လာပြီး ပလတ်တီနမ်ပြားခတ်ထားတာပါပဲ။ ပိုင်ရှင်က အိန္ဒိယသူဌေးကြီး မူးကတ်ချ်အမ်ဘာနီရဲ့ ဇနီး နီတာ အမ်ဘာနီ ဖြစ်ပါတယ်။
Featured Photo: DNA India
