ချမ်းသာကြွယ်ဝလာတဲ့သူအတော်များများဟာ သိပ်ပြီး ပုံရိပ်ကောင်း မရှိကြပါဘူး။ သူတို့လုပ်လာခဲ့တဲ့ စီးပွားရေးလမ်းကြောင်းနဲ့ သူတို့ရဲ့ ကိုယ်ကျိုးကြည့်လွန်းတဲ့ အချက်တွေကြောင့် တချို့ဆို စီးပွားရေးသမား အရင်းရှင်ရယ်လို့ တွဲပြီး ကင်ပွန်းတပ်လေ့ ရှိကြပါတယ်။ အခုပြောမယ့် ပုဂ္ဂိုလ်တွေကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် သူဌေးကြီးတွေလည်း ဖြစ် ၊ အများကောင်းကျိုးဆောင်နေကြတဲ့ ပရဟိတသမားကြီးတွေလည်း ဖြစ်တဲ့ ပုဂ္ဂိုလ်တချို့အကြောင်း ဖြစ်ပါတယ်။ ဒီတော့ သူတို့ကို ကမ္ဘာကျော်ကြား ပရဟိတသူဌေးကြီးများလို့ ပြောရင်လည်း ရနိုင်မှာ ဖြစ်ပါတယ်။

(၁) ဝါရင်ဘတ်ဖတ်

Photo: themost10

Berkshire Hathaway ရဲ့ ဥက္ကဌနဲ့ CEO ဖြစ်သူ ဝါရင်ဘတ်ဖတ်ဟာ အကျော်ကြားဆုံး ရင်းနှီးမြှပ်နှံရေးသမားနဲ့ နာမည်ကြီး ပရဟိတသမားလည်း ဖြစ်ပါတယ်။ သူ့မိတ်ဆွေ ဘီလ်နဲ့ မယ်လင်ဒါဂိတ်စ်တို့ နဲ့အတူ သူဟာ ၂၀၁၀ ခုနှစ်မှာ The Giving Pledge ကမ္ဘာကျော် ပရဟိတအဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းကနေ ဘီလျံနာတွေအနေနဲ့ ကိုယ်ရှာဖွေရရှိထားတဲ့ဓနဥစ္စာတွေကို မရှိဆင်းရဲသားနဲ့ အများအကျိုး ဖြစ်စေမယ့် အဖွဲ့အစည်းတွေ ၊ ပရောဂျက်တွေကို ခွဲဝေ လှူဒါန်းလာခဲ့တာ အခုဆို ဒေါ်လာ ၃၆၅ ဘီလျံအထိ ရှိလာပြီ ဖြစ်ပါတယ်။

(၂) မိုက်ကယ်ဘလွန်းဘာ့ဂ်

Photo: themost10

New York City ရဲ့ မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်ဟာ နာမည်ကြီး Bloomberg မီဒီယာကုမ္ပဏီ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ကမ္ဘာတလွှားနေရာဒေသပေါင်း ၁၈၅ ခုကျော်မှာ သူ့မီဒီယာလုပ်ငန်းတွေ ရှိပါတယ်။ မိုက်ကယ်ဘလွန်းဘာ့ဂ်ဟာ သူ့ရဲ့ အချိန်အများစုကို ပရဟိတလုပ်ငန်းတွေလုပ်ဖို့အတွက် ထောင်ထားတဲ့ Bloomberg Philanthropies အဖွဲ့အစည်းအတွက် အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့အစည်းကနေ နှစ်စဉ် ဒေါ်လာသန်း ရာနဲ့ချီ အလှူအတန်းလုပ်နေတာပါ။

(၃) မတ်ခ် ဇူကာဘတ်

Photo: themost10

ကမ္ဘာ့ထိပ်တန်းအချမ်းသာဆုံး စာရင်းဝင် Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ဟာ ၂၀၁၀ ကတည်းက အလှူအတန်းတွေ လုပ်လာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ မှာ နယူးဂျာစီ နီဝက်ခ်မှာ အများပြည်သူစာသင်ကျောင်းတွေကို ပံ့ပိုးဖို့ ဒေါ်လာသန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူနဲ့ သူ့ဇနီး ပရစ်ဆီလာချန်တို့ဟာ Chan Zuckerberg Initiative အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ ပညာရေး ၊ အိမ်ရာစီမံကိန်းကနေ သိပ္ပံပညာရပ်ဆိုင်ရာအထိ နယ်ပယ်အမျိုးမျိုးအတွက် လှူဒါန်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

(၄) ရစ်ချတ်ဘရန်ဆန်

Photo: themost10

ကမ္ဘာကျော် Virgin လေကြောင်းလိုင်း နဲ့ ကော်ပိုရေးရှင်းတွေကို ပိုင်ဆိုင်သူ ရစ်ချတ်ဘရန်ဆန်ဟာလည်း ကမ္ဘာ့ရေးရာ ပြဿနာတွေကို အဖြေရှာရာမှာ အထောက်အပံ့ဖြစ်စေဖို့ လူမှုစွန့်ဦးတီထွင်သူများအတွက် Virgin Unite ၊ သန့်စင်စွမ်းအင် ကဏ္ဍဖြစ်ထွန်းလာရေးအတွက် Virgin Green Fund နဲ့ လေထုထဲမှ ဖန်လုံအိမ်ဓါတ်ငွေ့ကို စီးပွားဖြစ် အောင်မြင်အောင် ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေ့ရှိသူကို ဒေါ်လာ ၂၅ သန်း ဆုပေးမယ့် Virgin Earth Challenge တို့ကို တည်ထောင်ထားပါတယ်။

(၅) ဘီလ်ဂိတ်စ်မောင်နှံ

Photo: themost10

Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်နဲ့ မယ်လင်ဒါဂိတ်စ်တို့ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ပရဟိတသမားစာရင်းဝင် လင်မယားနှစ်ဦးအဖြစ် ထင်ရှားပါတယ်။ သူတို့နှစ်ဦးဟာ Bill and Melinda Gates Foundation အတွက် အလုပ်လုပ်ရင်း အချိန်အများစုကို ကုန်ဆုံးနေသူတွေ ဖြစ်ပါတယ်။ ၂၀၁၇ တစ်နှစ်တည်းမှာကို သူတို့နှစ်ဦးဟာ အလှူအတန်းအတွက် ဒေါ်လာ ၄.၇၈ ဘီလျံ သုံးစွဲခဲ့ပါတယ်။

အဲဒီနှစ်အကုန်မှာ သူတို့ရဲ့ဖောင်ဒေးရှင်းအတွက် အလှူငွေ ဘီလျံ ၅၀ ရခဲ့ပါတယ်။ ဘီလ်ဂိတ်စ်ကတော့ အဖွဲ့အစည်းအတွက် ဒေါ်လာ ၂၈ ဘီလျံ လှူဒါန်းထားပါတယ်။ ၁၉၉၄ ခုနှစ်က စပြီး ဘီလ်နဲ့ မယ်လင်ဒါဂိတ်စ်တို့ရဲ့ လှူဒါန်းမှုပမာဏဟာ ဒေါ်လာဘီလျံ ၅၀ ကျော် ရှိပြီလို့လည်း ဆိုပါတယ်။