ရုပ်ရှင်ပိတ်ကားထက်မှာ ဇာတ်လိုက်စီးတဲ့ နည်းပညာမြင့် အပျံစားကားတွေ မြင်တဲ့အခါ အားကျတဲ့စိတ် ဖြစ်ခဲ့ဖူးမှာပါ။ကားတွေဟာ လူတွေရဲ့ နေ့စဉ် အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်တဲ့အတိုင်း လူတွေနဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကားတွေကိုလည်း နေရာပေးပြီး ရိုက်ကူးလေ့ရှိပါတယ်။ တချို့ ရုပ်ရှင်တွေဆိုရင် ကားတွေရဲ့ ဒီဇိုင်း ၊ စွမ်းရည်နဲ့ နည်းပညာကို အသားပေးပြီး ရိုက်ကူးထားတာ ရှိပါတယ်။ ဥပမာ- Transformers ၊ Ford & Ferrari နဲ့ Fast And Furious တို့ ဖြစ်ပါတယ်။ ဒီလို ရုပ်ရှင်တွေထဲကမှ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ စိတ်ထဲမှာ အမှတ်ထင်ထင် ဖြစ်ခဲ့တဲ့ ကား ၅ မျိုးအကြောင်း ပြောပြချင်ပါတယ်။
(၁) James Bond’s 1964 Aston Martin DB5
Photo: ManOfMany
၁၉၆၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် Goldfinger ကားမှာ ဂျိမ်းစ်ဘွန်းမင်းသား ရှောင်ကွန်နရီစီးသွားတဲ့ Aston Martin DB5 ကလည်း Iconic အဖြစ်ဆုံး ရုပ်ရှင်ထဲက အမိုက်စားကားတစ်စီးပါပဲ။ ဥရောပကားကုမ္ပဏီတွေထဲမှာ Luxury Brand အဖြစ် နာမည်ကြီးတဲ့ Aston Martin ကုမ္ပဏီဒီဇိုင်နာတွေ ဖြစ်တဲ့ ကန်အဒမ်စ်နဲ့ ဂျွန်စတီးယားစ်တို့ ပူးပေါင်းပြီး ထုတ်ထားတာပါ။ မြင်းကောင်ရေ ၂၈၂ အား ရှိပြီး Top Speed တစ်နာရီ ၁၄၅ မိုင်နှုန်းအထိ ပြေးနိုင်ပါတယ်။
(၂) The Batmobile/ The Tumbler
Photo: lrmonline
Batman Begins နဲ့ The Dark Knight ရုပ်ရှင်တွေမှာ သုံးခဲ့တဲ့ လင်းနို့လူသားစီးဖို့ အထူးထုတ်ထားတဲ့ ကားပါ။ Tumbler ဟာ တင့်ကားနဲ့ ပြိုင်ကားကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းမျိုး ဖြစ်ပြီးစူပါဟီးရိုးအတွက် သီးသန့် ထုတ်ထားတဲ့ကားပါ။ လက်နက်နဲ့ စက်သေနတ်တွေ တပ်ဆင်ထားပြီး ကွန်ကရစ်တုံးတွေကို ဝင်ပစ်ဆောင့်တောင် ဘာမှ မဖြစ်အောင် ဒီဇိုင်းထွင်ထားတာပါ။ အပြင်မှာ မှာရင် ဒီပုံစံကို ဒေါ်လာ ၁ သန်းကျသင့်မယ်လို့ ဆိုပါတယ်။ တစ်နာရီ Top Speed က မိုင် ၁၆၀ ဖြစ်ပါတယ်။
(၃) 1970 Dodge Charger, The Fast and the Furious
Photo: ManOfMany
ကားအသားပေး ရုပ်ရှင်တွေအကြောင်း ပြောမယ်ဆိုရင် Fast And Furious ကို ချန်ထားလို့ မဖြစ်ပါဘူး။ ပထမဆုံး Fast And Furious ကားကို ၂၀၀၁ ခုနှစ်က စတင်ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာ သုံးခဲ့တဲ့ 1970 Dodge Charger ကားကလည်း ရုပ်ရှင်ချစ်ပရိသတ်တွေ အမှတ်ရနေမယ့် အလန်းစားကားတစ်စီးပါပဲ။ ကားဒီဇိုင်းနဲ့ ရှားပါးပုံဟောင်းဖက်ရှင်ကလည်း Dodge Charger ကို လူတွေအာရုံကျသွားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ Top Speed ၁၃၇ မိုင်နှုန်းပဲ သွားနိုင်ပေမယ့် စတီယာရင်နောက်က လူရဲ့ အစွမ်းကိုပါ ထည့်တွက်ဖို့တော့ လိုမှာပါ။
(၄) 1969 Mustang Boss 429, John Wick
Photo: ManOfMany
Ford က ထုတ်ထားတဲ့ Mustang Boss 429 ၁၉၆၉ မော်ဒယ်ကို ၂၀၁၄ ထွက် John Wick ကားထဲမှာ ကီနူးရိဗ်စီးပြသွားပြီးနောက် လူတွေရဲ့ ကားဒီဇိုင်းနဲ့ တန်ဖိုးထားမှုအပေါ် ရိုက်ခတ်သွားတယ်လို့ ထင်ပါတယ်။ ဒီကားဟာ လက်ရှိကားဈေးကွက်ထဲမှာ တန်ဖိုးအထားဆုံးနဲ့ အရှားပါးဆုံး မော်ဒယ်တွေထဲက တစ်ခုလို့ ဆိုပါတယ်။ 1969 Ford Mustang Boss 429 မော်ဒယ်လို ကားမျိုးကို သဘောကျသူဟာ ဂျွန်ဝစ်ခ်လိုပဲ အစွဲအလမ်းကြီးတဲ့ ရှေးရိုးစွဲသမားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ကားအတွင်းပိုင်းကျယ်ပြီး ဒီဇိုင်းဆန်းတဲ့ Mustang Boss 429 တွေကို နှစ်နှစ်အတွင်း အစီးရေ ၁၃၅၉ စီးပဲ ထုတ်ခဲ့တာပါ။
(၅) 1973 Ford Falcon XB GT Pursuit Special, Mad Max
Photo: ManOfMany
Mad Max (1979) ရုပ်ရှင်မှာ သုံးသွားတဲ့ Ford Falcon XB GT Pursuit Special ကလည်း အလန်းကြီးပါပဲ။ ဒီကားဟာ ရုပ်ရှင်သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ကားတွေထဲက တစ်စီးဖြစ်ခဲ့ပါတယ်။ Pursuit Special ဆိုတဲ့ နာမည်အပြင် The Last of The V8 Interceptors လို့လည်း ခေါ်ပါတယ်။ မြင်းကောင်ရေ ၃၀၀ အားနဲ့ Top Speed ၁၂၆ မိုင်အထိ ပြေးနိုင်မှာပါ။
Featured Image Photo: Business Insider