ဘောလုံးလောကမှာ ဩဇာကြီးမားတဲ့ France Football မဂ္ဂဇင်းက ပေးတဲ့ Ballon d’Or ဆုဆိုတာ ဘောလုံးအသိုင်းအဝိုင်းအတွက် ဂုဏ် သိက္ခာမြင့်မားလှတဲ့ ဆုတစ်ဆုပါပဲ။ ၁၉၅၆ ခုနှစ်က စလို့ နှစ်စဉ် ပေးအပ်လာတဲ့ Ballon d’Or ဆုဟာ ဘောလုံးလောကရဲ့တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားတွေကို ဖော်ထုတ်ဂုဏ်ပြုတဲ့ဆုအဖြစ် လူသိများပါတယ်။

Messi

Photo: indianexpress

Ballon d’Or ဆုကို အကြိမ်ရေအများဆုံးရထားသူက မကြာသေးခင်ကပဲ သတ္တမအကြိမ်မြောက် Ballon d’Or ဆုချီးမြှင့်ခံရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လိုင်ယွန်နယ်မက်ဆီပါပဲ။ အားလုံးသိတဲ့အတိုင်းပါပဲ။ မက်ဆီက Ballon d’Or ဆု ၇ ကြိမ်နဲ့ အများဆုံးရထားသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ ကစားစဉ် ၂၀၀၉/၂၀၁၀/၂၀၁၁/၂၀၁၂ လေးနှစ်ဆက်တိုက် Ballon d’Or ဆုတွေ ရခဲ့ပြီး နောက် ၃ ကြိမ်ကတော့ ၂၀၁၅/၂၀၁၉/၂၀၂၁ တို့မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီပြီးရင် Ballon d’Or ဆုအများဆုံးထားသူက လက်ရှိမန်ချက်စတာအသင်းမှာ ကစားနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံး Ballon d’Or ဆုကို မန်ချက်စတာအသင်းမှာ ကစားစဉ် ၂၀၀၈ ခုနှစ်က စပြီး ရရှိခဲ့တာ ဖြစ်ပြီး ၂၀၁၃/၂၀၁၄/၂၀၁၆/ ၂၀၁၇ စုစုပေါင်း ၅ ကြိမ်ရထားပါတယ်။ ရော်နယ်ဒိုရဲ့ Ballon d’Or နောက်ဆုံး ၄ ကြိမ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ရခဲ့တာလည်း ဖြစ်ပါတယ်။

Ronaldo

Photo: guardian

သူ့နောက်မှာ နယ်သာလန်ဂန္ဓဝင်ဘောလုံးအကျော်အမော် ဂျိုဟန်ခရိုက်ခ် (၁၉၇၁ ၊ ၁၉၇၃ ၊ ၁၉၇၄) ၊ အေဂျက်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့တဲ့ နာမည်ကျော် နယ်သာလန်သား တိုက်စစ်မှူး မာကို ဗန်ဘတ်စ်တန် (၁၉၈၈ ၊ ၁၉၈၉ ၊ ၁၉၉၂) နဲ့ ပြင်သစ်တိုက်စစ်မှူး မီချယ် ပလာတီနီ (၁၉၈၃ ၊ ၁၉၈၄ ၊ ၁၉၈၅) တို့က ရပ်တည်နေပါတယ်။ ဥရောပသားမဟုတ်တဲ့ ကစားသမားတွေကို ဆုရွေးချယ်ချီးမြှင့်မှု မလုပ်ခဲ့တာကြောင့် Baloon d’Or နဲ့ လွဲခဲ့သူလည်း ရှိပါတယ်။

အဲ့ဒါကတော့ ဘရာဇီးဂန္ဓဝင်ဘောလုံးအကျော်အမော် ပီလီပဲ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်ရောက်မှ Ballon d’Or ကို ဥရောပတိုက်သားမဟုတ်သူတွေပါ ချီးမြှင့်လာခဲ့တာဖြစ်လို့ ပီလီရဲ့ ခေတ်မှာ Ballon d’Or နဲ့ လွဲခဲ့တာပါ။ ဒါပေမယ့်လည်း France Football ကတော့ ကမ္ဘာ့ဖလား ၃ ဆုရှင် ဂန္ဓဝင်ဘောလုံးကျော် ပီလီကို (၁၉၅၈ ၊ ၁၉၅၉ ၊ ၁၉၆၀ ၊ ၁၉၆၁ ၊ ၁၉၆၃ ၊ ၁၉၆၄ ၊ ၁၉၇၀ ) နှစ်တွေမှာ Ballon d’Or နဲ့ ထိုက်တန်ကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

Featured Photo: fearthewall