ကမ္ဘာကျော်အမေရိကန်အနုပညာနဲ့ ဂီတလောကသားတွေထဲမှာ စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့သူတွေ အများကြီး ရှိကြပါတယ်။ တချို့က ယာယီဝင်ရောက်ခဲ့တာ ဖြစ်ပြီး တချို့တွေကတော့ စစ်တပ်ထဲ Full Terms အထိ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒီတစ်ခေါက်မှာ အမေရိကန်စစ်ပြန်တွေထဲကမှ ထင်ရှားတဲ့ အနုပညာသမားတချို့အကြောင်း တင်ဆက်လိုက်ရပါတယ်။

(၁) ဂျင်မီ ဟန်းဒရစ်

Jemi Hendrix

Photo: BBC

ကမ္ဘာ့အတော်ဆုံးဂစ်တာပညာရှင်တွေထဲက တစ်ဦးအဖြစ် ထင်ရှားတဲ့ ဂျင်မီဟန်းဒရစ်လည်း အမေရိကန်စစ်တပ်ထဲ ရောက်ခဲ့ဖူးပါတယ်။ ဟန်းဒရစ် အသက် ၁၉ နှစ် မတိုင်ခင်က ခိုးထားတဲ့ကားတွေ မောင်းနှင်မှုနဲ့ သူ့ကို ထောင်ဒဏ်ကျခံမလား ၊ စစ်တပ်ထဲ ဝင်မလား ရွေးချယ်စေခဲ့တာကြောင့် တပ်ထဲ ရောက်သွားတာပါ။ တစ်နှစ်လောက် တပ်မှာ အမှုထမ်းပြီးမှ ထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
တပ်ထဲမှာလည်း တာဝန်ချိန်မှာ ခိုးအိပ်တာ ၊ အစီရင်ခံစာတွေ ရေးဖို့ ပျက်ကွက်တာတွေကြောင့် တပ်နဲ့ မတော်ဆိုပြီး မှတ်ချက်ပေးခံရပြီး ထုတ်ခဲ့တာပါ။ ဒါကြောင့်ပဲ ဂျင်မီဟန်းဒရစ်ရဲ့ ပါရမီကို ကမ္ဘာက ခံစားခွင့်ရခဲ့တာလို့တောင် အကောင်းဘက်က ပြောရမလိုပါပဲ။

(၂) အဲလ်ဗစ် ပရက်စလေ

The-Elvis-Presley-Channel

Photo: variety

Rock ‘n’ Roll ရဲ့ ဘုရင်ကြီးလို့ တင်စားခံခဲ့ရတဲ့ ပရက်စလေလည်း အသက် ၂၂ နှစ်အရွယ်မှာ တပ်ထဲ နှစ်နှစ် ဝင်ခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ အထိ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ပရက်စလေဟာ ဂီတဘက်မှာရော ရုပ်ရှင်ဘက်ကပါ အကြီးအကျယ် အောင်မြင်နေပြီ ဖြစ်ပါတယ်။ တပ်ထဲမှာတုန်းက သူဟာ တပ်ကြပ် ဆာဂျင်အနေနဲ့အထိ တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

(၃) ဘီဘီကင်း

B.B. King Performs At Le Grand Rex

Photo: variety

B.B.King ဆိုတာ အမေရိကန်ဘလူးစ်ဂီတရဲ့ ဘုရင်ကြီးလို့ ပြောနိုင်ပါတယ်။ ဘလူးဂီတရဲ့ အကျော်ကြားဆုံးနဲ့ ဩဇာအကြီးဆုံး အဆိုတော် ၊ ဂစ်တပညာရှင်နဲ့ ထုတ်လုပ်သူ ကင်းကို The King of The Blues လို့ ခေါ်ကြသလို ဘလူးစ်ဂစ်တာလောကထဲက ကင်း(King) သုံးဦးထဲက တစ်ဦးလို့လည်း သတ်မှတ်ထားပါတယ်။ (ကျန်တဲ့သူတွေကတော့ အဲလ်ဘတ်ကင်းနဲ့ ဖရက်ဒီကင်း တို့ဖြစ်ပြီး ကင်းချင်းတူပေမယ့် တစ်ယောက်နဲ့တစ်ယောက်ဘာမှ မဆိုင်ပါဘူး။) ဘီဘီကင်းဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ တပ်ထဲ လပိုင်းလောက်ဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှ စီးပွားရေးအတွက် ထရက်ကားမောင်းသမားလုပ်ဖို့ ဆိုပြီး တပ်ထဲက ထွက်ခဲ့တာပါ။

(၄) ဂျွန်နီကတ်ချ်

Johnny Cash

Photo: nme

စင်ပေါ်မှာ ဖျော်ဖြေတိုင်း အမြဲလိုလို All Black ဝတ်ပြီး ဖျော်ဖြေလေ့ရှိတာကြောင့် The Man In Black လို့ နာမည်ပြောင်ပေးခံရတဲ့ အမေရိကန်အဆိုတော် ဂျွန်နီကတ်ချ်ရဲ့ သီချင်းတွေဟာ အချပ်ရေသန်း ၉၀ ကျော်အထိ ရောင်းချနိုင်ခဲ့ပြီး ခေတ်တစ်ခေတ်ရဲ့ ရောင်းအားအကောင်းဆုံး ဂီတပညာရှင်တွေထဲက တစ်ဦးလို့ ဆိုပါတယ်။ ကတ်ချ် အသက် ၁၈ နှစ်သားက စပြီး အမေရိကန်လေတပ်မှာ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

(၅) ဖီးလစ်ပ် လာဘွန်တီ

Phil Labonte

Photo: noisecreep

All That Remains ဆိုတဲ့ အမေရိကန်မက်တဲလ်ကိုးတီးဝိုင်းအဖွဲ့ ပင်တိုင်အဆိုတော် ဖီးလစ်ပ် စတီဗင် လာဘွန်တီဟာ မရိန်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ မရိန်းတပ်ထဲ ရောက်ခဲ့တာ ဖြစ်ပြီး နောက်တော့ ဖနောင့်ကျော ထိခိုက်ဒဏ်ရာနဲ့ တပ်ကနေ ထွက်ခဲ့တာလို့ ဆိုပါတယ်။

Featured Photo: BBC