(၂၀၁၈) ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Pride of Myanmar Awards ကို မှတ်မိကြသေးရဲ့လားခင်ဗျာ။ ကမ္ဘာအလယ်မှာ မြန်မာရယ်လို့ အများသိလာအောင် စွမ်းဆောင်ပေးနေတဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ လူငယ်လူရွယ်များကို ရှာဖွေဖော်ထုတ်ပြီးတော့ အသိအမှတ်ပြုပေးတဲ့အနေနဲ့ ဒီနှစ်မှာလည်း Title Sponsor အဖြစ် Special Reserve Whisky နဲ့ ရုပ်သံမိတ်ဖက်အဖွဲ့အဖြစ် NHK World တို့မှ အသီးသီးပံ့ပိုးပေးထားတဲ့ Myanmar’s Pride Awards 2019 ဆိုတဲ့ အမည်သစ်နဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပေးသွားဦးမှာဖြစ်ပါတယ်။

Myanmar’s Pride Awards 2019 စတင်ဆောင်ရွက်သည့် အခမ်းအနားကိုတော့ အောက်တိုဘာ (၂၁) ရက်နေ့တွင် ရန်ကုန်မြို့ရှိ The Rosewood Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေရေးကဏ္ဍနှင့် စီးပွားရေးဆန်းသစ်တီထွင်မှုကဏ္ဍတို့တွင် ဆုရရှိခဲ့ကြသော သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့် Rangoon Tea House ၏ တည်ထောင်သူတစ်ဦးဖြစ်သူ လူငယ်လုပ်ငန်းရှင် ထက်မြတ်ဦးတို့မှလည်း ဆုပေးပွဲအစီအစဉ်ကို အားပေးသည့်အနေဖြင့် အခမ်းအနားကိုတက်ရောက်ကာ အားပေးစကားများ အသီးသီးပြောကြားပေးခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ အားကစား၊ အနုပညာနှင့် ဓါတ်ပုံပညာ၊ လူမှုအကျိုးပြု၊ စွန့်ဦးတီထွင်၊ ရုပ်ရှင်အနုပညာ၊ ဖက်ရှင်ဒီဇိုင်း၊ အလှမယ်နှင့် မော်ဒယ်၊ တေးဂီတ၊ လူမှုဦးဆောင် ဆိုပြီး သက်ဆိုင်ရာ ကဏ္ဍကိုးခုမှ ထူးချွန်သူများအား သေချာရွေးချယ်ပြီးတော့ ဂုဏ်ပြုပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာကလေးစားအသိအမှတ်ပြုရလောက်သည်အထိ တစ်ဖက်ကမ်းခတ်ထူးချွန်သော၊ အများကလေးစားရသော ပုဂ္ဂိုလ်များကို ရှာဖွေဖော်ထုတ်ကာ ဂုဏ်ပြုချီးမြှောက်သွားမည့် Myanmar’s Pride Awards 2019 ကိုတော့ Mango Advertising Co., Ltd. မှ ဦးစီးစီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များအနေနဲ့ စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ YAG Captial ၏ အမှုဆောင်အရာရှိချုပ် ဦးသူရကိုကို၊ Smart Tech ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်လှိုင်၊ Grand Royal International Group of Company Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Sanjay Gupta၊ NHK ၏ အမှုဆောင်အရာရှိချုပ်နှင် အထူးအကြံပေး Mr. Hishio Yamamoto နှင့် ထပ်ဆင့်အကယ်ဒမီဆုရှင် မို့မို့မြင့်အောင်တို့မှ ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

Myanmar’s Pride Awards ၏ ဆန်ခါတင်စာရင်းပြုစုရန် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားပြီး ဆုရရှိမည့်သူကိုရွေးချယ်ရာမှာ အကဲဖြတ်အမှတ်ပေးဒိုင်များ၏ ဆန္ဒမဲ (၂၀) ရာခိုင်နှုန်းနှင့် အများပြည်သူ၏ဆန္ဒမဲ (SMS စာတိုမှတဆင့်ပေးသော ဆန္ဒမဲ (၄၀) ရာခိုင်နှုန်း၊ Facebook Chatbot မှတဆင့်ပေးသော ဆန္ဒမဲ (၄၀) ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်၍ အတည်ပြုဆုံးဖြတ်ပေးသွားမှာပါ။

Myanmar’s Pride Awards ၏ ရည်ရွယ်ချက်အပေါ် ထားရှိသည့်ယုံကြည်ချက်ကို ဖော်ပြရန်နှင့် အနာဂတ်တွင် မြန်မာ့ဂုဏ်ဆောင်ဖြစ်လာမည့်သူများအတွက် ရင်းနှီးမြှပ်နှံမှုပြုသည့်အနေဖြင့် ပေးအပ်မည့် အများပြည်သူ၏ ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ (၁၀) ကျပ်ကို လူမှုအဖွဲ့အစည်းတစ်ခုအား ပေးလှူသွားရန် စီစဉ်ဆောင်ရွက်ထားပြီး ဆန္ဒမဲပေါင်း (၁) သန်းရရှိရန် မျှော်မှန်းထားပါတယ်။ လက်ခံရရှိသည့် ဆန္ဒမဲအရေအတွက်များလျှင် ပေးလှူမည့် ငွေကြေးပမာဏလည်း မြင့်တက်လာမည်ဖြစ်ပြီး မျှော်မှန်းထားသော ဆန္ဒမဲပေါင်း (၁) သန်းမရရှိခဲ့လျှင်ပင် Myanmar’s Pride Awards မှ လိုအပ်သောငွေကြေးများကို ဖြည့်တင်းကာ ကျပ်ငွေ (၁၀) သန်းကို လှူတန်းသွားမှာဖြစ်ပါတယ်။

မဲပေးခြင်းနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဆန်ခါတင်စာရင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ဆုပေးအပ်ချီးမြှင့်ပွဲကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ Myanmar’s Pride Awards ၏ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို Like နှင့် Follow လုပ်ထားခြင်းဖြင့် Myanmar’s Pride Awards အကြောင်း၏ အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။