ယမန်နေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စုမဲခွဲပွဲရလဒ်တွေ ထွက်ပေါ်လာခဲ့အပြီးမှာတော့ လက်ရှိချန်ပီယံဖြစ်တဲ့ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနဲ့တွေ့ဆုံရတော့မှာ ဖြစ်ပြီး အင်္ဂလန်အသင်းဟာ ၂၀၁၆ ယူရိုနောက်ပိုင်း အိုက်စ်လန်နဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Photo: Harwich Standard

ပေါ်တူဂီနဲ့ ပြင်သစ်တို့ရဲ့ အုပ်စု ၃ မှာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ခရိုအေးရှားလည်း ပါဝင်နေတာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားကို ပြန်လည်ကြည့်ရှုနေရသလို ခံစားရမှာဖြစ်ပြီး အင်္ဂလန်ကတော့ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်နဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲတုန်းက ဖျက်မျဉ်းဖြစ်ခဲ့တဲ့ အိုက်စလန်နဲ့အတူ တစ်အုပ်စုထဲ ကျရောက်နေတာဖြစ်ပါတယ်။
စပိန်အသင်းကတော့ ဂျာမနီနဲ့ တွေ့ဆုံရမှာဖြစ်ပြီး နယ်သာလန်ကတော့ အီတလီ၊ ဝေးလ်အသင်းကတော့ အိုင်ယာလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

နေးရှင်းလိဂ်ပွဲစဉ် ၁ ကို စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်နေ့အထိ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ် ၆ ကတော့ နိုဝင်ဘာ ၁၅ ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်အပြီး ထွက်ပေါ်လာတဲ့ League A က အနိုင်ရရှိသူတွေဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လမှာ နောက်ဆုံးဗိုလ်လုပွဲတွေကို ကစားသမားရမှာဖြစ်ပြီး တန်းဆင်း Play-offs ပွဲစဉ်တွေကိုတော့ မတ်လမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Photo: UEFA

အုပ်စု A1 – နယ်သာလန်၊ အီတလီ၊ ဘော့စနီးယား၊ပိုလန်
အုပ်စု A2 – အင်္ဂလန်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ်၊ အိုက်စ်လန်
အုပ်စု A3 – ပေါ်တူဂီ၊ ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှား
အုပ်စု A4 – ဆွစ်ဇာလန်၊ စပိန်၊ ယူကရိန်း၊ ဂျာမနီ

လိဂ်B
အုပ်စု B1 – ဩစတြီးယား၊ နော်ဝေ၊ မြောက်အိုင်ယာလန်၊ ရိုမေးနီးယား
အုပ်စု B2 – ချက်ဇ်၊ စကော့တလန်၊ ဆလိုဗက်ကီးယား၊ အစ္စရေး
အုပ်စု B3 – ရုရှား၊ ဆားဘီးယား၊ တာကီ၊ ဟန်ဂေရီ
အုပ်စု B4 – ဝေးလ်၊ ဖင်လန်၊ အိုင်ယာလန်၊ ဘူဂေးလ်ရီးယား

လိဂ်C
အုပ်စု C1 – မွန်တီနီဂရိုး၊ ဆိုက်ပရပ်စ်၊ လူဇင်ဘတ်၊ အဇာဘိုင်ဂျန်
အုပ်စု C2 – ဂျော်ဂျီယာ၊ မြောက်မက်ဆီဒိုးနီးယား၊ အက်စ်တိုးနီးယား၊ အာမေးနီးယား
အုပ်စု C3 – ဂရိ၊ ကိုဆိုဗို၊ ဆလိုဗေးနီးယား၊ မော်လ်ဒိုဗာ
အုပ်စု C4 – အယ်ဘေးနီးယား၊ ဘီလားရပ်စ်၊ လစ်သူရေးနီးယား၊ ကာဇက်စတန်

လိဂ်D
အုပ်စု D1 – ဖာရိုကျွန်းစု၊ လတ်ဗီးယား၊ အန်ဒိုရာ၊ မယ်လ်တာ
အုပ်စု D2 – ဂီဘရယ်လ်တာ၊ လစ်ချ်တန်စတိန်း၊ ဆန်မာရီနို