မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် နီမန်ဂျာမာတစ်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ဆုလားအတွက် စိန်ခေါ်မှု မဖြစ်မနေပြုလုပ်ရမယ်လို့ ၎င်းရဲ့အသင်းဖော်တွေကို သတိပေးစကားပြောကြားခဲ့ပြီး နောက်ထပ်ဆင်ခြေပေးစရာမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအဖွင့်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို ခြေစွမ်းအသာစီးရယူပြီး အနိုင်ရရှိခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေတဲ့ စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းကို ဆုဖလားအတွက် အနိုင်ယူနိုင်ဖို့ မျှော်လင့်ချက်ဟာ စောစောစီးစီး ပျောက်ကွယ်သွားခဲ့ရတာဖြစ်ပေမယ့် ဒုတိယရာသီဝက် စွမ်းဆောင်ရည်ကတော့ ယူနိုက်တက်ဟာ ယှဉ်ပြိုင်ရမယ့်ဟာမှန်သမျှကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

Photo: The Guardian
စပို့တင်းလစ္စဘွန်းအသင်းကနေ ဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာမှုနဲ့အတူ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ကြယ်ပွင့်ကစားသမားအဖြစ် ပေါ်ထွက်လာမှုတို့ကြောင့် ပရိသတ်တွေက ယူနိုက်တက်ဟာ နောက်ထပ်တစ်ကြိမ် အဓိကဆုဖလားတွေကို နောက်ဆုံးမှာတော့ စိန်ခေါ်နိုင်ပြီလို့ ယုံကြည်ချက်ရှိလာခဲ့ကြတာဖြစ်ပြီး မာတစ်က ၂၀၂၀-၂၀၂၁ ရာသီဟာ ပြီးခဲ့တဲ့နှစ်က ၎င်းတို့ရဲ့ ခြေစွမ်းမတည်ငြိမ်ခဲ့မှုအတွက် ပြန်ချေဖျက်နိုင်ဖို့ အခွင့်အရေးဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“နောက်လာမယ့်ရာသီကစပြီး ဘာမှ ဆင်ခြေပေးနေစရာမရှိတော့ပါဘူး။ ကျွန်တော်တို့ အရာအားလုံးနဲ့အတူ တိုက်ပွဲဝင်သွားရမှာပါ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဆုဖလားအတွက် တိုက်ပွဲဝင်ရမှာပါ။ ဘာလို့လဲဆိုတော့ ဒီနှစ်က ကျွန်တော်တို့ အမှတ်အချို့ကို လွယ်လွယ်နဲ့ ဆုံးရှုံးခဲ့ရတယ်လို့ ခံစားခဲ့ရလို့ပါ”

Photo: Skysports
“ကျွန်တော်တို့ လီဗာပူး ဖလားရတာကို ခွင့်ပြုခဲ့ရတယ်။ ကျွန်တော် မသိခဲ့ပါဘူး။ ရာသီမပြီးဆုံးခင် ၁၀ ပွဲအလိုမှာ သူတို့ရသွားတာ။ သူတို့ လိဂ်ဖလားကို ရရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ဒါကို ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ယုံကြည်ချက်ရှိရှိ၊ တာဝန်ယူတာဝန်ခံမှုရှိရှိနဲ့ ကစားဖို့ လိုပါတယ်”
“ကျွန်တော့် ပုဂ္ဂိုလ်ရေးတစ်ဦးတည်းပစ်မှတ်က ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ဖြစ်ပြီး အားလုံးကလည်း ဒီအတိုင်းပဲလုပ်ချင်ကြမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို အကောင်းဆုံးလုပ်သွားမယ်ဆိုတာ ကျွန်တော်တို့ ကတိပေးရပါမယ်။ ရာသီပြန်စတဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ဟာလိုမျိုး အတိအကျ လုပ်ပြမယ်ဆိုတာမျိုးပေါ့။ အဲဒါမှ မန်ချက်စတာယူနိုက်တက်ပါ”လို့ The UTD Podcast ကို ပြောကြားခဲ့ပါတယ်။
