အမေရိကန် ရုပ်ရှင် Streaming လုပ်ငန်းကြီးဖြစ်တဲ့ Netflix မှာ တောင်ကိုရီးယားစီးရီးတွေ အောင်မြင်မှုရနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Squid Game ဆိုရင် မယုံနိုင်အောင်ကို လူကြိုက်များခဲ့သလို ကုမ္ပဏီရဲ့ လူကြည့်အများဆုံး စီးရီးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ Netflix ဟာ ကိုရီးယားရုပ်ရှင် နဲ့ Shows အသစ် ၂၄ ကားထက် မနည်းတင်ဆက်ဖို့ ရှိပြီး ဒါဟာ တစ်နှစ်အတွင်းမှာ ကိုရီးယားရုပ်ရှင်စီးရီးတွေကို Netflix ပလက်ဖောင်းပေါ် အများဆုံးတင်လိုက်တာပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ကိုရီးယားစကားပြော ဇွန်ဘီးစီးရီးသစ် All Of Us Are Dead ဟာ လက်ရှိ Netflix ရဲ့ လူကြိုက်အများဆုံး စီးရီးတစ်ခုဖြစ်နေတယ်လို့ Business Insider က ဖော်ပြပါတယ်။

all of us are dead

Photo: Forbes

ဇန်နဝါရီ ၂၈ ရက်နေ့က စပြီး Netflix မှာ ပြသနေတဲ့ All Of Us Are Dead ဟာ ကိုရီးယားအထက်တန်းကျောင်းတစ်ခုမှာ ဇွန်ဘီးဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသားတွေ ပိတ်မိရာကနေ အသက်ရှင်လွတ်မြောက်ဖို့ ရုန်းကန်တဲ့ဇာတ်လမ်းပါ။ ဒီစီးရီးဟာ ယူကေအပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ Netflix ရဲ့ လူကြည့်အများဆုံး Show လို့ ဆိုပါတယ်။

Netflix ပေါ်မှာ စတင် ပြသပြီး ပထမ ၃ ရက်အတွင်း All Of Us Are Dead စီးရီးကို တစ်ကမ္ဘာလုံးမှာ ကြည့်ရှုမှုနာရီပေါင်း ၁၂၄.၇၉ သန်းအထိ ရှိခဲ့ပါတယ်။ လက်ရှိ Netflix ပေါ်က အကြီးဆုံး စီးရီးအဖြစ်လည်း ဒီစီးရီးက ရပ်တည်နေပါတယ်။ Netflix ရဲ့ အချက်အလက်တွေအရ အခုလို ကြည့်ရှုမှု Viewership ရဲ့ ၉၅% ဟာ တောင်ကိုရီးယားပြင်ပက ဖြစ်လို့ တောင်ကိုရီးယားစီးရီးပေါ် ကမ္ဘာအနှံ့ လူကြိုက်များမှုက အံ့ဩစရာလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။

all of us are dead
Photo: gq-magazine

All Of Us Are Dead စီးရီးရဲ့ နောက်မှာ ဒုတိယကြည့်ရှုမှုအများဆုံးစီးရီးက Ozark ဖြစ်ပြီး ကြည့်ရှုမှုနာရီပေါင်း ၉၆.၃၄ သန်း ရှိထားပါတယ်။ ဒီနောက်မှာ Café con Aroma de Mujer (ကြည့်ရှုမှုနာရီပေါင်း ၈၂.၇၅ သန်း) ၊The Woman in the House Across the Street From the Girl in the Window – Season One (ကြည့်ရှုမှုနာရီပေါင်း ၄၀.၀၈ သန်း) တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ Netflix ဟာ တောင်ကိုရီးယားက ရုပ်ရှင် Content ပိုင်းအတွက် ဒေါ်လာသန်း ၅၀၀ အသုံးပြုခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ ဖြန့်ချိခဲ့တဲ့ Squid Game ဟာ ဖြန့်ချိပြီး ၂၈ ရက်အတွင်း ကြည့်ရှုမှုနာရီပေါင်း ၁.၆၅ ဘီလျံအထိ ရှိခဲ့ပြီး Netflix ပေါ်က ဒုတိယအကြီးဆုံးစီးရီး Bridgerton ထက် အပြတ်အသတ် ပိုများခဲ့တယ်လို့ ဆိုပါတယ်။

Featured Photo: KDramaStars