သီချင်းတွေဟာ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝအမောတွေအတွက် အားဆေးတွေပါပဲ။ သီချင်းဟောင်းတွေက မိတ်ဆွေဟောင်းတွေ ဖြစ်လာပြီး သီချင်းသစ်တွေက သူငယ်ချင်းသစ်တွေလိုပဲလို့ ပြောချင်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ပတ်အတွက် သင့်သူငယ်ချင်းအဖြစ် နားထောင်သင့်တဲ့ အယ်လ်ဘမ်သစ်တချို့နဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်။

(၁) Optimism

Optimism က တက္ကဆက်ပြည်နယ် အော်စတင်က ယာနာဟွန်းရဲ့ တစ်ကိုယ်တော်အခွေပါ။ အကောင်းမြင်မှုဆိုတဲ့ အခွေဟာ သူမရဲ့ဘဝအကြောင်း သိပ်တော့ မထင်ဟပ်ဘူးလို့ ဟွန်းက ပြောပါတယ်။ အော်စတင်ကောလိပ်ကျောင်းသူဘဝမှာ သီချင်းရေးသားတဲ့ဘက် အလေးအနက် လိုက်စားခဲ့တဲ့ သူမဟာ ပေါလ်ပရိုက်စ်နဲ့ Reservations ဆိုတဲ့ Band နဲ့ ၂၀၁၅ ခုနှစ်ကတည်းက သီချင်းတွေ ထုတ်လာခဲ့တာပါ။ Optimism ကတော့ Solo အယ်လ်ဘမ်ဖြစ်ပြီး Time Machine ၊ Optimism ၊ Changing Lives ၊ Jordan စတဲ့ သီချင်း ၁၀ ပုဒ်ပါဝင်ပါတယ်။

(၂) Night Call

ဗြိတိန်အဆိုတော် အဖွဲ့ Years & Years ရဲ့ အယ်လ်ဘမ်သစ် Night Call ကတော့ နောက်ဆုံးအယ်လ်ဘမ် Palo Santo အလွန် ၃ နှစ်ခွဲလောက်အကြာမှ ထွက်လာခဲ့တာပါ။ အင်္ဂလိပ်ပေါ့ပ်အဆိုတော် အိုလီ အလက်ဇန္ဒားဟာ ၂၀၁၅ ခုနှစ်မှာ Communion ဆိုတဲ့ အယ်လ်ဘမ်နဲ့ ယူကေအယ်လ်ဘမ်ခွေများ စာရင်းမှာ နံပါတ်တစ် စွဲခဲ့သလို ဩစတြေးလျ ၊ ဩစတြီးယား ၊ ဘူဂေးလ်ရီးယား ၊ ဒိန်းမတ် ၊ ဂျာမနီ ၊ လူဇင်ဘက် ၊ နယ်သာလန် ၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်တွေမှာလည်း ထိပ်တန်း Top 10 ခွေ စာရင်းဝင်ခဲ့ပါတယ်။

(၃) Good and Green Again

မြောက်ကယ်ရိုလိုင်းနားက ကျေးလက်အဆိုတော် ဂျိတ်ခ် ဇားဇက် ဖက်ဆဲလ်ရဲ့ စတုတ္ထအယ်လ်ဘမ်ပါ။ သီချင်းပုဒ်ရေ ၉ ပုဒ် ပါရှိပြီး အဆွေးသီချင်းတွေ အများစု ပါရှိပါတယ်။ ဖက်ဆဲလ်ဟာ တောင်ပိုင်းကျေးလက်ရိုးရာသီချင်းတွေကို ဦးစားပေးဆိုတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး Blues Music တွေကို ဖက်တွယ်နေတဲ့ ရှားပါးအဆိုတော်တစ်ဦးတောင် ပြောရမှာပါပဲ။

(၄) Food For Thought

ဘတ်ဖဲလိုးမြို့က ရက်ပါတစ်ဦးဖြစ်တဲ့ Che Noir ဟာ အရင်ကတည်းက 38 Spesh ၊ Ransom နဲ့ 7xvethegenius တွေနဲ့ စင်ပေါ် တက်လာခဲ့တဲ့ အဆိုတော်ပါ။ အခု အယ်လ်ဘမ်သစ် Food For Thought အယ်လ်ဘမ်မတိုင်ခင် ၂၀၂၂ မှာ Juno ၊ After 12 နဲ့ As God Intended (အပိုလိုဘရောင်းနဲ့တွဲပြီး) ပရောဂျက်သုံးခု ဖြန့်ချိထားပါတယ်။ အခုအယ်လ်ဘမ်မှာ သီချင်း ၁၂ ပုဒ် ပါဝင်လို့ တဝကြီး နားထောင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo: Vox