တကယ်လို့ သင်ဟာ ၁၉၉၀ တစ်ဝိုက်ကာလတွေမှာ မွေးဖွားလာသူဆိုရင် သင်ဟာ Y မျိုးဆက် Generation Y ပါပဲ။ ဒီနေ့ခေတ်ရဲ့ အားအကြီးဆုံး မျိုးဆက်တစ်ခုထဲမှာ အပါအဝင်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၅ နဲ့ ၃၀ အကြား ရှိနေပြီ ဖြစ်တဲ့ လူငယ်တစ်ယောက်ဟာ ဒီနေ့ချိန်မှာ လူငယ်ဆန်ဆန် ဖက်ရှင်ဆင်မယ်ဆိုရင် ဒီအချက်တွေ သိထားသင့်ပါတယ်။

(၁) သက်တောင့်သက်သာ ရှိရမယ်

Photo: mensjournal

သင်စီးတဲ့ ဖိနပ်ဟာ သက်တောင့်သက်သာ ရှိနေရပါမယ်။ ခြေထောက်ကို ဒုက္ခပေးတဲ့ ဖိနပ်လှလှလေး ဖြစ်စရာ မလိုပါဘူး။ အကြမ်းခံပြီး ဝတ်ပျော်ရင် အဆင်ပြေပါတယ်။ ပြီးမှသာ ဒီဇိုင်းနဲ့ ချုပ်ရိုးချုပ်သား အရည်အသွေးကို ထည့်တွက်သင့်ပါတယ်။ အဝတ်အစားလည်း ဒီအတိုင်းပါပဲ။ သင်ဝတ်ကြည့်လို့ နည်းနည်းအနေရခက်ရင် သင့်အတွက် မဟုတ်ပါဘူး။

(၂) ရိုးရှင်းနေရမယ်

Photo: Mens Journal

Minimalism ဆိုတဲ့ စကားဟာ ဒီခေတ်မျိုးဆက်ကို လွှမ်းမိုးထားတဲ့ စကားလုံးပါ။ Gen Y တွေဟာ မျက်စိရှုပ်တဲ့ ဆန်းဆန်းပြားပြား ဖက်ရှင်တွေထက် စာရင် သပ်ရပ်ရှင်းသန့်နေတဲ့ ဒီဇိုင်းတွေ ပိုဝတ်သင့်ပါတယ်။ အဝတ်အစားတင် မဟုတ်ပါဘူး။ အသုံးအဆောင်ပစ္စည်းတွေလည်း ရှင်းရှင်းသန့်သန့် ဖြစ်နေခြင်းဟာ သင့်ကိုပိုပြီး ထူးခြားစေပါတယ်။

(၃) Sporty vs Elegant

Photo: manofmany

အသက် ၂၅ -၃၀ လူတစ်ယောက်အတွက် မြူးကြွလန်းဆန်းစေမယ့် Sporty ဖက်ရှင်နဲ့ လူကြားထဲမှာ သားနားတင့်တယ်တဲ့ Elegant ဖက်ရှင်နှစ်မျိုးစလုံးက မျှတူအရေးပါပါတယ်။ ဒါကိုပဲ Athleisure (ပေါ့ပေါ့ပါးပါးနဲ့ လုပ်ငန်းခွင်နှစ်မျိုးစလုံးအတွက် ဝတ်လို့ရတဲ့ စတိုင်) လို့ သုံးနှုံးနေကြပါတယ်။ ဒါကြောင့်ပဲ အလုပ်သွားချိန်မှာရော ပန်းခြံထဲ လမ်းလျှောက်ချိန်မှာပါ Jeans နဲ့ ရှပ် တွဲတတ်ကြတာ ဖြစ်ပါတယ်။

(၄) Indie Brand

Photo: Thomas Falkenstedt

ဒီဘက်ခေတ်မှာ လူငယ်တွေဟာ ပိုက်ဆံအများကြီးမသုံးဘဲ ဖက်ရှင်လှအောင် ဆင်တတ်ကြပါတယ်။ အခုဆို Fast Fashion လို့ ခေါ်တဲ့ ဈေးပေါပေါ အဝတ်အစားတွေထဲကမှ Brand အသစ်တွေကို ရွေးဝယ်လာကြပါတယ်။ အရင်တုန်းကလို Brand နောက်လိုက်ပြီး မတန်တာတွေ မဝယ်တော့ပါဘူး။ ဒါကပဲ လူငယ်တွေအကြားမှာ Indie Brand လို့ခေါ်တဲ့ ခေတ်ပေါ် ဖက်ရှင်အမှတ်တံဆိပ်လေးတွေ ခေတ်စားလာတာ ဖြစ်ပါတယ်။