၂၀၀၀ ပြည့်လယ်လောက်ကစပြီး ဆေးလိပ်အစားထိုး E-စီးကရက်တွေဟာ ဈေးကွက်ထဲ အလုံးအရင်းနဲ့ ဝင်လာခဲ့ကြပါတယ်။ အတော်များများကလည်း E-စီးကရက်တွေဟာ သာမန်ဆေးလိပ်တွေထက် ကျန်းမာရေးကောင်းကျိုးရှိပြီး ဘေးပိုကင်းမယ်လို့ ယုံကြည်ခဲ့ကြတာပါ။ နောက်ဆုံးထွက်လာတဲ့ ဆေးသုတေသနတွေကတော့ ဒီအချက်ကို လက်မခံကြပါဘူး။

Source: Pixabay

E- စီးကရက်တွေဟာ လူငယ်တွေအကြားမှာ ဆေးရွက်ကြီးသုံး ဆေးလိပ်အစားထိုးအဖြစ် ပိုပြီး ရေပန်းစားလာပေမယ့် ကျန်းမာရေးအရ စိုးရိမ်စရာ အချက်အလက်တွေ ရှိနေကြပါတယ်။ အမေရိကန်နှလုံးရောဂါဗေဒကနေ ထုတ်ပြန်တဲ့ ဂျာနယ်တစ်စောင်မှာ E-စီးကရက်ဟာ ရိုးရိုးဆေးလိပ်တွေထက် ဘေးမကင်းဘူးလို့ အထောက်အထားတွေနဲ့ အစီရင်ခံထားပါတယ်။ စတန်းဖို့ဒ်ဆေးတက္ကသိုလ်က သုတေသီတွေဟာ သွေးကြောအတွင်းက ဆဲလ်တွေထဲကို E-Liquid ထည့်ပြီး စမ်းသပ်ကြည့်ရာမှာ ဒီဆဲလ်တွေ သေဆုံး ပျက်စီးမှု သိသိသာသာ ဖြစ်နေတာကို တွေ့ခဲ့တာပါ။

တွေ့ရှိချက်အရ ဒီ E-Liquid ဟာ သွေးကြောနံရံ ဒဏ်ရာတွေကို ကုသပြီး သွေးကြောသစ်ဖန်တီးတဲ့ ဆဲလ်တွေကို ယုတ်လျော့စေတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် E-စီးကရက်မှာ ပါတဲ့ ဆာလိုင်း ( ရေနဲ့ ရောထားတဲ့ ဆိုဒီယမ်ကလိုရိုဒ်) ဖျော်ရည်ဟာ လူအများထင်ထားသလို ဘေးကင်းစိတ်ချရတယ်ဆိုတာ မဟုတ်ကြောင်း သက်သေပါပဲ။

“ဒီလေ့လာမှုကနေ E-စီးကရက်တွေဟာ သမရိုးကျ စီးကရက်အတွက် ဘေးကင်းတဲ့ အစားထိုး သောက်စရာ မဟုတ်ကြောင်း ရှင်းရှင်းကြီး ပြသလိုက်တာာပါပဲ”လို့ စတန်းဖို့ဒ် နှလုံးသွေးကြောဌာန ပါမောက္ခနဲ့ ညွှန်ကြားရေးမှူး ဂျိုးဆက်ပ်ဝူက ဆိုပါတယ်။ E-စီးကရက်ဟာ သွေးကြောထဲက ဆဲလ်တွေ ပျက်စီးစေပြီး လုပ်ဆောင်ချက် မူမမှန်တဲ့ လက္ခဏာမျိုးစုံ ပြနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: Unsplash

သုတေသီတွေဟာ E-စီးကရက်မှာ သုံးတဲ့ သစ်သီးနံ့ ၊ ဆေးရွက်ကြီးနံ့ ၊ ဆေးရွက်ကြီးနဲ့ ဗနီလာစပ် အနံ့ ၊ ထောပတ်မွှေးနံ့၊ ပရုတ်နဲ့ သစ်ကြံပိုးနံ့ ဆိုပြီး အနံ့ ၆ မျိုးရဲ့ သက်ရောက်မှုကိုလည်း အထူးပြု လေ့လာခဲ့ကြပါတယ်။ ဒီအနံ့တွေအားလုံးဟာ ဆဲလ်တွေကို အဆိပ်သင့်စေပြီး သစ်ကြံပိုးနံ့နဲ့ ပရုတ်နံ့ပါ E- စီးကရက်တွေကတော့ ပိုပြီး ဘေးအန္တရာယ်ရှိတယ်လို့လည်း တွေ့ရှိထားပါတယ်။