၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ် နေရာအလိုက်အကောင်းဆုံးဆုတွေအတွက် ဆန်ခာတင်စာရင်းမှာ ဘိုင်ယန်မြူးနစ် ကစားသမား၇ယောက် ပါဝင်ခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကတော့ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ခြင်းမရှိခဲ့ဘူးလို့ Goal က ဖော်ပြခဲ့ပါတယ်။

ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ခံစစ်ကစားသမား သုံးယောက်၊ ကွင်းလယ်ကစားသမား နှစ်ယောက်၊ ဂိုးသမားတစ်ယောက်နဲ့ တိုက်စစ်မှူး တစ်ယောက် ပါဝင်ခဲ့ပြီး ဥရောပချန်ပီယံအသင်းရဲ့ ကစားသမား တစ်ဝက်လောက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာက ထူးပြီး အံ့အားသင့်စရာတော့မဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

Photo: essentiallysports

ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ကွာတားဖိုင်နယ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ ပြုတ်ခဲ့တာကြောင့် အကောင်းဆုံးဆုတွေကို အမြဲသိမ်းပိုက်ထားနိုင်ခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ နေရာအလိုက် အကောင်းဆုံးဆုတွေအတွက် ဆန်ခါတင်စာရင်းထဲမှာတောင် မပါဝင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကစားသမားဘဝတလျှောက် အကောင်းဆုံးရာသီကိုပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက ဥရောပရဲ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကွင်းလယ်နေရာအတွက် သောမတ်စ်မူလာ၊အယ်ကန်တာရာတို့နဲ့အတူ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းတို့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာတော့ ဒေးဗစ်အလာဘာ၊ အယ်ဖွန်ဆိုဒေးဗီးစ်နဲ့ ဂျိုရွှာကင်မစ်ချ်တို့ ပါဝင်ခဲ့ပြီး ဂိုးသမားနေရာမှာတော့ နူအာက အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အော့ဘလက်နဲ့ အပြိုင် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo: Goal.com

ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘတ်ပီနဲ့ နေမာတို့ကလည်း လီဝန်ဒေါစကီးနဲ့အတူ တိုက်စစ်နေရာအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ဂိုးသမား နာဗက်စ်ကလည်း နျူအာ၊ အော့ဘလက်တို့နဲ့အတူ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နေရာအလိုက်အကောင်းဆုံးကစားသမားဆုရခဲ့ကြတဲ့ မက်ဆီ၊ အယ်လီဆင်၊ ဗန်ဒိုက်၊ ဒီဂျောင်တို့ တစ်ယောက်မှမပါဝင်ခဲ့ဘဲ ယူနိုက်တက်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်၊ အင်တာမီလန်တိုက်စစ်မှူး လူကာကူနဲ့ ဆီဗီးလားက ဘနီဂါတို့ကတော့ ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။