Kwee ရဲ့ သီချင်းချစ်သူတွေ အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ သီချင်းချစ်သူတွေအတွက် သီချင်းဟောင်းလေးတွေနဲ့ အတိတ်ကအမှတ်တရလေးတွေကို မှတ်မိသွားအောင် ပြန်လည်တူးဖော်ပေးချင်ပါတယ်။ သီချင်းဟောင်းလေးတွေဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့။ ယနေ့အချိန်အထိ သီချင်းချစ်သူတွေရဲ့ ရင်ထဲမှာစွဲကျန်ရစ်နေတဲ့ သီချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ဘယ်သီချင်းလေးတွေဖြစ်မလဲဆိုတာသိချင်ရင်တော့ ဆက်နားထောင်ကြည့်လိုက်ရအောင်နော်။

More Than Words

More Than Words လို့ အမည်ပေးထားတဲ့သီချင်းလေးကို ၁၉၉၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က စတင်ဖြန့်ချီခဲ့တာပဲဖြစ်ပါတယ်။ မူရင်းအဆိုတော်ကတော့ Extreme လို့အမည်ရတဲ့ အမေရိကန်ရော့ခ်တေးဂီတအဖွဲ့က သီဆိုခဲ့တာပဲဖြစ်ပါတယ်။ Westlife အဖွဲ့ကလည်း ဒီသီချင်းလေးကို ပြန်လည်သီဆိုထားပါသေးတယ်။ သီချင်းရေးဆရာတွေကတော့ Gary Cherone နဲ့ Nuno Bettencourt တို့ပဲဖြစ်ပါတယ်။ Bettencourt ရဲ့ ပြောပြချက်အရ လူသားတွေက I Love You ဆိုတဲ့စကားလုံးကို အခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ်ပြောလာကြပေမယ့် ပြီးစလွယ်ပြောပြီး စကားလုံးရဲ့လေးနက်မှုက ပျောက်ကွယ်သွားခဲ့ပါတယ်။ တစ်ခါတလေကျရင် ချစ်တယ်လို့မပြောဘဲ အမူအရာတွေနဲ့ ဒီ့ထက်ပိုဖော်ပြသင့်ကြောင်း ရည်ရွယ်ရင်း ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တာလို့ဆိုပါတယ်။ သီချင်းကောင်းလေးကို နားဆင်ကြည့်လိုက်ရအောင်လား။

Source: Vevo

Uptown Girl

Uptwon Girl ဆိုတဲ့သီချင်းလေးကို သီချင်းချစ်သူတွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ သို့သော် တော်တော်များများသိကြတာကတော့ Westlife အဖွဲ့ဆိုထားတဲ့ ဗားရှင်းကိုပဲ သိကြပြီး မူရင်းအဆိုတော် Billy Joel ဆိုထားတာကိုတော့ လူကြီးတွေလောက်ပဲသိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသီချင်းလေးကို ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ဖြန့်ချီခဲ့တာပါ။ Billy Joel ရဲ့ An Innocnet Man ရဲ့ Album ထဲက သီချင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘယ်အဆိုတော်ဆိုထားတဲ့ ဗားရှင်းကို ကြိုက်သလဲဆိုတာ သိချင်ရင်တော့ အခုပဲ နားဆင်ကြည့်လိုက်တော့နော်။

Source: Vevo

Don’t Stop Believing

ဒီသီချင်းလေးကိုတော့ Journey ဆိုတဲ့ အမေရိကန်ရော့ခ်ဂီတအဖွဲ့ရဲ့ Escape ဆိုတဲ့ Album ထဲက သီချင်းလေးပဲဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က စတင်ဖြန့်ချီခဲ့တဲ့ အခွေထဲက သီချင်းပါ။ ဒီသီချင်းလေးကိုလည်း နောက်ပိုင်းမှာ အဆိုတော်များက ဗားရှင်းမျိုးစုံနဲ့ သီဆိုခဲ့ကြပါသေးတယ်။

Source: Vevo

Hotel California

Eagel ဆိုတဲ့ အမေရိကန်ရော့ခ် Band ကို မရင်းနှီးဖူးဘူးဆိုရင်တောင် ကြားဖူးကြားမှာပါ။ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ပဲဖြစ်ပါတယ်။ Hotel California ဆိုတဲ့သီချင်းလေးကိုတော့ ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စတင်ဖြန့်ချီခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းလေးက ဘယ်လောက်တောင် နာမည်ကြီးခဲ့လဲဆိုရင် Billboard Hot 100 ထဲမှာ နံပါတ်တစ်နေရာကို အချိန်အကြာကြီး ဗိုလ်စွဲထားခဲ့တာပါ။

Source: Radiomobile

Bohemian Rhapsody

မကြာသေးခင်ကမှ ဒီသီချင်းခေါင်းစဉ်နဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားထွက်ရှိထားတာကို အားလုံးသိကြမှာပါ။ ဒီသီချင်းလေးက ဗြိတိန်ရော့ခ် Band ရဲ့ A Night At The Opera အယ်လ်ဘမ်ထဲက သီချင်းကောင်းလေးပဲဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က စတင်ဖြန့်ချီခဲ့တာပဲဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ထဲမှာတင် Progressie Rock ၊ Hard Rock နဲ့ Progressive Pop ဆိုပြီး မတူညီတဲ့ဂီတသုံမျိုးကို နားဆင်ခံစားရမှာပဲဖြစ်ပါတယ်။

Source: Queenonline.com

သီချင်းကောင်းလေးတွေကတော့ ဖော်ပြရမယ်ဆိုရင်တော့ အများကြီးပါပဲ။ ဒီတစ်ပတ်မှာတော့ ဒီသီချင်းလေးတွေနဲ့ Kwee ရဲ့သီချင်းချစ်သူတွေ ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။ Kwee သီချင်းချစ်သူတွေရဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ သီချင်းကောင်းလေးတွေကိုလည်း လမ်းကြုံရင် ပြောပြခဲ့ကြဖို့ မမေ့နဲ့နော်။