တချို့အားကစားတွေက နိုင်ငံအလိုက် လူကြိုက်များကြပါတယ်။ အမေရိကန်မှာတော့ ဘက်စကတ်ဘောဟာ အကျော်ကြားဆုံး အားကစားနည်းတစ်မျိုးပါပဲ။ အမေရိကန်ဘက်စကတ်ဘောအသင်းတွေကို NBA လို့ အတိုကောက် ခေါ်လေ့ရှိကြပါတယ်။ NBA ဆိုတာ National Basketball Association ကို ပြောတာ ဖြစ်ပါတယ်။
NBA ကို ၁၉၄၆ ခုနှစ် ဇွန်လ ၆ ရက်မှာ နယူးယော့ခ်မှာ စပြီး တည်ထောင်ခဲ့ပါတယ်။ NBA ရုံးချုပ်တွေလည်း နယူးယော့ခ်မှာပဲ ရှိပါတယ်။ အခုဆို ဘက်စကတ်ဘောအသင်းတွေ ပေါ်ပေါက်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာပြီ ဖြစ်ပါတယ်။ အမေရိကန် NBA အသင်းတွေထဲမှာ သက်တမ်းအရင့်ဆုံး တည်ထောင်ထားတဲ့အသင်းတွေကတော့ –
(၁) Indiana Pacers

Photo: Indy Cornrows
အမေရိကန်ပရော်ဖက်ရှင်နယ် ဘက်စကတ်ဘောအသင်းဖြစ်တဲ့ Indiana Pacers ဟာ အင်ဒီယားနားပြည်နယ် ၊ အင်ဒီယာနာပိုလစ်မှာ အခြေစိုက်ပါတယ်။ အရှေ့ပိုင်းကွန်ဖရင့် ဗဟိုဌာနမှ NBA အစိတ်အပိုင်းဖြစ်တဲ့ ဒီအသင်းကို ၁၉၆၇ ခုနှစ်မှာ American Basketball Association ရဲ့ အဖွဲ့ဝင်အသင်းအဖြစ် တည်ထောင်ခဲ့တာပါ။ အဲ့ဒီနှစ်မှာပဲ ABA နဲ့ NBA ပေါင်းစည်းမှုကြောင့် NBA အသင်းဝင်ဖြစ်လာခဲ့တာပါ။ အသင်းနာမည်ကို အင်ဒီယားနားပြည်နယ် ပြိုင်မြင်းလှည်းတွေကို ကိုယ်စားပြုပြီး Indiana Pacers လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။
(၂) Brooklyn Nets

Photo: NBA
Brooklyn Nets ဟာ နယူးယော့ခ်ပြည်နယ် ဘရွတ်ကလင်းမှာ အခြေစိုက်ပါတယ်။ အရှေ့ပိုင်းကွန်ဖရင့် အတ္တလန်တစ်ဌာနမှ NBA အဖွဲ့ဝင် အသင်းတစ်သင်းဖြစ်ပြီး NAB ရဲ့ ပြိုင်ဘက်လိဂ်တစ်ခုဖြစ်တဲ့ ABA မှာ ၁၉၆၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာပါ။ စစချင်း ဒီအသင်းကို New Jersey Americans လို့ လူသိများခဲ့ပါတယ်။ ၁၉၆၈ မှာ လောင်းအိုင်းစ်လန်းကို ပြောင်းသွားပြီးနောက် New York Nets အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။
၁၉၇၇ မှာ နယူးဂျာဆီကို ပြောင်းခဲ့ရာကနေ New Jersey Nets အသင်းလို့ ၁၉၇၇ ကနေ ၂၀၁၂ အထိ ခေါ်ခဲ့ပါတယ်။ ၂၀၀၁ နဲ့ ၂၀၀၂ ရာသီခွင်တွေမှာ New Jersey Nets အသင်းဟာ Eastern Conference ချန်ပီယံရှစ် နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။
(၃) Los Angeles Clippers

Photo: Clips Nation
အမေရိကန်အားကစားသမိုင်းမှာ အအောင်မြင်ဆုံးအားကစားအသင်းတွေထဲကတစ်ခုဖြစ်တဲ့ Los Angeles Clippers ဟာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ အခြေစိုက်ပါတယ်။ Western Conference ရဲ့ပစိဖိတ်ဒေသဆိုင်ရာ NBA အဖွဲ့ဝင် ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ Buffalo Brave ဆိုတဲ့ နာမည်နဲ့ တည်ထောင်ခဲ့တာပါ။ Los Angeles Clippers ဟာ ၁၉၇၀ ပြည့်နှစ်မှာပဲ NBA အသင်းဝင်ဖြစ်လာခဲ့ပါတယ်။၁၉၇၈ ခုနှစ်မှာ ဆန်ဒီယာဂိုကို ပြောင်းရွှေ့ခဲ့တာ ဖြစ်လို့ San Diego Clippers လို့လည်း လူသိများခဲ့ပါတယ်။ ၁၉၈၄ မှာ လော့စ်အိန်ဂျလိစ်ကို အပြီးပြောင်းရွှေ့ခဲ့ပါတယ်။
(၄) Washington Wizards

Photo: NBA
Washington Wizards အသင်းဟာ ဝါရှင်တန်ဒီစီမြို့မှာ အခြေစိုက်ပြီး Eastern Conference ရဲ့ အရှေ့တောင်အာရှဌာနတွင်း NBA အသင်းဝင် ဖြစ်ပါတယ်။ Chicago Packers အဖြစ် ၁၉၆၁ ခုနှစ်မှာ စတင်ကစားခဲ့တာ ဖြစ်ပြီး NBA သမိုင်းမှာ ခေတ်မီဆန်းသစ်မှုနဲ့ အတိုးချဲ့နိုင်ဆုံး ပထမဆုံးအသင်းဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နှစ်ကြာပြီးနောက် Chicago Zephyrs အဖြစ် အသင်းနာမည်ပြောင်းခဲ့ပါတယ်။
၁၉၆၃ မှာ ဘယ်လီမိုးကိုပြောင်းပြီးနောက် Baltimore Bullets ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ နာမည်ပြောင်းနေကျ တခြား NBA အသင်းတွေလို ၁၉၇၃ မှာ Capital Bullets ၊ ၁၉၇၄-၉၇ မှာ Washington Bullets နဲ့ ၁၉၉၇ ကနေ လက်ရှိအချိန်အထိ Washington Wizards ဆိုပြီး နာမည်အမျိုးမျိုး ပြောင်းခဲ့ပါတယ်။
(၅) Chicago Bulls

Photo Charity Stars
အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမှာ အခြေစိုက်တဲ့ အမေရိကန်ပရော်ဖက်ရှင်နယ် ဘက်စကတ်ဘောအသင်းဖြစ်ပြီး Eastern Conference ရဲ့ ဗဟိုဒေသတွင်း NBA အသင်းဝင် ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ် ဇန်နဝါရီ ၂၆ မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ Chicago Bulls ဟာ အကြီးအကျယ်အောင်မြင်မှု ရခဲ့သလို NBA ရဲ့ အကြီးကျယ်ဆုံးအားကစားသမားမျိုးဆက်တစ်ခုကိုလည်း ချပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၉၁ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း NBA Championships ၆ ကြိမ် ရခဲ့ပြီး NBA အသင်းတွေထဲမှာ တတိယတန်ဖိုးအမြင့်ဆုံးအသင်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Forbes ရဲ့ ခန့်မှန်းချက်အရ အသင်းတန်ကြေးဟာ ဒေါ်လာ ၁ ဘီလျံရှိပါတယ်။ အကျော်ကြားဆုံး Chicago Bull ကစားသမားနှစ်ဦးကတော့ မိုက်ကယ်ဂျော်ဒန်နဲ့ ဒါးရစ်ခ်ရို့စ်တို့ ဖြစ်ပြီး NAB ရဲ့ အဖိုးတန်ဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
