မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ စနေနေ့က ဘရိုက်တန်နဲ့ပွဲစဉ်မှာ တိုင် ၅ ကြိမ်ထိခဲ့ပြီး အနိုင် ၃ မှတ်ကို ခက်ခက်ခဲခဲရယူနိုင်ခဲ့ပြီးနောက် မော်ရင်ဟို ဘရိုက်တန်ကွင်းက ဂိုးတိုင်တွေတိုင်းတာဖို့ ရှိမနေခဲ့တာကို ကျေးဇူးတင်တယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန်အသင်းအိမ်ကွင်းမှာ ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ရာသီ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးဝီစီမှုတ်ပြီးချိန်မှ VAR ကြောင့် ပင်နယ်တီရရှိပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ ပွဲစဉ်တလျှောက်လုံး လွှမ်းမိုးကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ အနည်းဆုံး ၁ မှတ်တောင် မရရှိခဲ့တာကြောင့် မယုံကြည်နိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Photo: Metro

ပထမပိုင်းမှာ လီအန်ဒရိုထရော့ဆက်ဟာ ဂိုးတိုင် ဘယ်ဘက်ရော ညာဘက်ပါ ထိခဲ့ပြီး ဒုတိယပိုင်းမှာ အပိုင်ကန်သွင်းမှုက အပေါ်ဂိုးတိုင်ကို ထိသွားခဲ့တာဖြစ်ပါတယ်။ အဒမ်ဝက်ဘ်စတာရဲ့ ခေါင်းတိုက်ချက်ကလည်း တိုင်ထိခဲ့သလို ဆိုလီမာ့ချ်ရဲ့ ဂိုးကန်သွင်းမှုကလည်း ဂိုးတိုင်ထိပြီး ဂိုးစည်းပေါ်ကနေ အပြင်ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။

အိုလေဂန်နာဆိုးလ်ရှားက ၎င်းရဲ့အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ကပ်နိုင်သွားခဲ့တယ်ဆိုတာ အပြည့်အဝသတိပြုမိပေမယ့် စပါးနည်းပြ မော်ရင်ဟိုက ပြိုင်ဘက်ခုံတန်းမှာ မရှိနေခဲ့တာ ကံကောင်းသွားတယ်လို့ ဟာသဖောက်ခဲ့ပါတယ်။ ကြာသပတေးနေ့ညက တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရှခန်ဒီရာအသင်းနဲ့ ရင်ဆိုင်ဖို့ မက်ဆီဒိုးနီးယားကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ပွဲမတိုင်မီ ဂိုးတိုင်က ပုံမှန်ရှိရမယ့်အမြင့်ထက် ငါးစင်တီမီတာနိမ့်နေကြောင်းကို မော်ရင်ဟိုက သက်သေပြသပြီးနောက် ဂိုးတိုင်တွေကို အစားထိုးလဲလှယ်ခဲ့တာဖြစ်ပါတယ်။

“ပထမဆုံးအနေနဲ့ ဒီမှာ ဟိုဆေးက ဂိုးတိုင် တိုင်းဖို့ရှိမနေတာကို ခင်ဗျား ပျော်ရွှင်ရမှာပါ။ ဒီကဂိုးတိုင်တွေက ပိုသေးနေခဲ့တာဖြစ်လိမ့်မယ်”

“ဒါပေမယ့် ဟုတ်ပါတယ်။ သူတို့တွေက အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့တွေက ယှဉ်ပြိုင်ကစားဖို့ ခက်ခဲတဲ့အသင်းဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ ဖိကစားနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သူတို့တွေ နောက်တန်းမှာ တကယ်ကောင်းမွန်တဲ့ကစားသမားတွေ ရှိနေခဲ့တာကြောင့် ကျွန်တော်တို့ အဲဒီကို မရောက်နိုင်ခဲ့ဘူး”

Photo: Metro

“ပြီးတော့ ကျွန်တော်တို့ ကစားအားကျနေချိန်မှာ ကျွန်တော်တို့မှာ တကယ်ခြေထောက်တွေ၊ ထက်မြက်မှုတွေ မရှိတော့သလိုဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရအောင်ကစားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။