မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ ရှုံးပွဲတွေဆက်ခဲ့ပြီးနောက်ပိုင်း ဖိအားတွေမြင့်တက်လာမှုကို ရင်ဆိုင်နေရပြီး ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မစဉ်းစားဘဲ မဆုံးဖြတ်ကြဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်မှာလည်း ပြီးခဲ့တဲ့ဗုဒ္ဓဟူးညမှာ အစ္စတန်ဘူလ်ဘာဆတ်ဆီဟီရာကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့သလို ယင်းပွဲစဉ်မတိုင်မီ ရက်အနည်းငယ်မှာလည်း အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Photo: Mirror
ဆိုးလ်ရှားရဲ့ နည်းပြရာထူးဟာ မတည်ငြိမ်မှုတွေ ပိုမိုမြင့်တက်လာပုံရပြီး တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုက နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဆိုးလ်ရှားက ယူနိုက်တက်ရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေကို ၎င်းနဲ့စည်းစည်းလုံးလုံးရှိနေသင့်တယ်လို့ အခိုင်အမာပြောဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် အသင်းနဲ့ပတ်သက်ပြီး ပြောခဲ့သမျှ စကားတွေအားလုံးဟာ ကာလရှည်စီစဉ်ထားခဲ့တာတွေပဲလို့ ပြောရမှာပါ”
“ဟုတ်တာပေါ့။ ကျွန်တော်တို့က ရေတိုရလဒ်ကို လိုချင်ကြတယ်။ ကျွန်တော့်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ပြောဆိုမှုတွေ ရခဲ့တယ်။ ကျွန်တော်တို့ နေရာသတ်မှတ်ပြီး မျိုးစေ့ကိုထည့်၊ အပင်ကြီးထွားလာဖို့ အစီအစဉ်ကို ချမှတ်ခဲ့တယ်”
“အချို့အသင်းတွေက အပင်ကြီးထွားနေဆဲလား ဒါမှမဟုတ် ရေလုံလုံလောက်လောက်ရနေလားဆိုတာကို မြင်ရဖို့ သူတို့ရဲ့ အပင်ကို လုံးဝဖျက်ဆီးပစ်လိုက်ပါတယ်”

Photo: Metro
“ကျွန်တော် ဒီကိုရောက်လာခဲ့ကတည်းက နည်းမျိုးစုံနဲ့ ထောက်ခံအားပေးမှုရခဲ့တယ်။ အသင်းက ပိုမိုကြီးမားတဲ့ရုပ်ပုံကို ကြည့်ဖို့ လိုပါတယ်”
“ကျွန်တော်တို့ တစ်ပွဲ၊ နှစ်ပွဲ ရလဒ်လောက်ကို တုံ့ပြန်လို့မရနိုင်ပါဘူး။ ကျွန်တော်တို့ အတွင်းကျကျနဲ့ ကျွန်တော်တို့ သွားနေတဲ့ဦးတည်ချက်က ဘာလဲဆိုတာကို ကြည့်ရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။
