ချယ်လ်ဆီးအသင်း တိုက်စစ်မှူးအိုလီဗီယေးဂျရူးကတော့ ချယ်လ်ဆီးအသင်းနဲ့အတူ နောက်ထပ် တစ်နှစ်စာသက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ အသက် (၃၂) နှစ်အရွယ် တိုက်စစ်မှူးအိုလီဗီယေးဂျရူးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလက အာဆင်နယ်အသင်းကနေ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာအကောင်းဆုံး ခြေစွမ်းတွေ ပြသနေခဲ့တာဖြစ်ပါတယ်။

အစောပိုင်းကာလတွေမှာ အသင်းမှထွက်ခွာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၀ ခုနှစ် ဇွန်လအထိ စာချုပ်သစ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Times Now

ချယ်လ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ ကစားသမားပြောင်းရွှေ့ခွင့် ပိတ်ခံထားရတဲ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီက အငှါးခေါ်ယူထားတဲ့ ဟီဂူအင်ဟာလည်း ဂျူဗင်တပ်အသင်းကို ပြန်လည် လွှဲပြောင်းပေးဖို့ရှိနေတာကြောင့် တိုက်စစ်မှူးအိုလီဗီယေးဂျရူကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးအိုလီဗီယေးဂျရူးဟာ ယခုနှစ်ဘောလုံးရာသီမှာ ဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်မရခဲ့ဘဲ ခက်ခက်ခဲခဲပွဲထွက်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အကောင်းဆုံးစွမ်းပြကစားနိုင်ခဲ့ပြီး စုစုပေါင်းပွဲထွက်ခွင့်ရခဲ့တဲ့ (၁၃) ပွဲမှာ သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

Source : The Independent

တိုက်စစ်မှူးအိုလီဗီယေးဂျရူး အနေနဲ့ အခုလို အသင်းနဲ့ အတူ တစ်နှစ်စာစာချုပ်သစ်ထပ်မံ တိုးနိုင်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး အသင်းနဲ့ အတူ ဖလားတွေများစွာသိမ်းပိုက်နိုင်ဖို့လည်း အများကြီးကြိုးစားသွားမယ်လို့ ဆိုပါတယ်။

လာမယ့်မေလ (၂၉)ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ၂၀၁၈-၂၀၁၉ နှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖို့ကိုလည်း မျှော်လင့်နေတယ်လို့သိရပါတယ်။ တိုက်စစ်မှူးအိုလီဗီယေးဂျရူဟာ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနဲ့ ပြိုင်ပွဲပေါင်းစုံ (၆၂) ပွဲခန့် ပွဲထွက်ကစားခဲ့ပြီး သွင်းဂိုးပေါင်း (၁၇) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Source : premierleague.com