စိတ်ဖိစီးမှု ၊ အသက်အရွယ် ၊ ပါတနာနဲ့ ဆက်ဆံရေး ၊ ဟော်မုန်း အပြောင်းအလဲတွေအပြင် ကျန်းမာရေးနဲ့မညီညွှတ်တဲ့ နေထိုင်မှု ပုံစံတွေကြောင့် Libido လို့ခေါ်တဲ့ လိင်စိတ်တက်ကြွမှုအပေါ် ထိခိုက်စေနိုင်ပါတယ်။ Libido သို့မဟုတ် Sex Drive ကို မြှင့်တင်ဖို့ ကိုယ့်ရဲ့တစ်နေ့တာ နေထိုင်မှု Lifestyle ကို အပြောင်းအလဲ လုပ်နိုင်သလို အစားအသောက်နဲ့ ဆေးဝါးအကူညီတွေနဲ့လည်း ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာပြောပြပေးချင်တာကတော့ ငါး ၊ သစ်ကြားသီး ၊ ထောပတ်သီးတို့လို အစားအစာတွေမှာ တွေ့ရတဲ့ Omega-3 Fatty Acids နဲ့ လိင်စိတ်ကြားက ဆက်နွယ်မှု အကြောင်းပါ။

၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ International Journal of Impotence Research ရဲ့ လေ့လာမှုတစ်ခုအရ Omega-3 ဟာ စိုးရိမ်ပူပန်မှုတွေကို လျှော့ချကာကွယ်ပေးပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်စိတ်ဆန္ဒကို တိုးတက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း Omega-3 မှီဝဲခြင်းကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးတာ ၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း အပါအဝင် သွေးဆုံးခြင်း လက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ Omega-3 ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ရုံတင်မကပဲ လိင်မှုကျန်းမာရေးအပေါ်မှာပါ ဘယ်လိုကောင်းကျိုးတွေ ရှိစေလဲဆိုတာနဲ့ ပတ်သတ်ပြီး ဆက်လေ့လာကြည့်ရအောင်ပါ။

(၁) နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်

Cardiovascular health

Photo : Facty Health

အိုမီဂါသရီးဓာတ်ဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးတဲ့အပြင် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေဖို့ ကူညီပေးတဲ့အတွက် နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ကောင်းမွန်နေခြင်းဟာ လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကို အထောက်အပံ့ ဖြစ်စေရုံမက အမျိုးသားတွေရဲ့ ဖွားဖက်တော် နိုးကြားတက်ကြွမှု ၊ လိင်စိတ်တက်ကြွမှုနဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။

(၂) ဦးနှောက်ကျန်းမာရေးကို ကောင်းစေတယ်

 Brain health

Photo : The Quint

အိုမီဂါသရီးဓာတ် ဖက်တီအက်စစ်ဟာ ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး ဓာတ်တစ်မျိုးဖြစ်ပြီး ဦးနှောက်ဆဲလ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေဖို့ အကူအညီ ဖြစ်စေပါတယ်။ ဦးနှောက်ဟာ စိတ်ခံစားချက်နဲ့ လိင်စိတ်ဆန္ဒကို အဓိက ထိန်းချုပ်ကိုင်တွယ်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ဦးနှောက်ကျန်းမာရေးပိုကောင်းလေ လိင်စိတ်တက်ကြွမှု ၊ လိင်မှုဆိုင်ရာစွမ်းဆောင်ရည်တွေဟာလည်း တိုးတက်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

(၃) ဟန်ချက်ညီမျှ ဟော်မုန်းပမာဏကို ထိန်းသိမ်းပေးတယ်

Hormone regulation

Photo : Gleneagles Hospital

အိုမီဂါသရီးဟာ ခန္ဓာကိုယ်က ဟော်မုန်းတွေကို ထိန်းညှိပေးရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပြီး တက်စတိုစတီရုန်း (Testosterone) နဲ့ အီစတိုဂျင် (Estrogen) တို့လို လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေအတွက် များစွာအထောက်အပံ့ ဖြစ်စေပါတယ်။ ဟန်ချက်ညီမျှတဲ့ ဟော်မုန်းပမာဏဟာ ကျန်းမာတဲ့ လိင်စိတ်ဆန္ဒကို ထိန်းသိမ်းရာမှာ တကယ်ကိုပဲ အရေးပါပါတယ်။

(၄) ရောင်ရမ်းမှုတွေကို လျှော့ချပေးတယ်

Reduced inflammation

Photo : Neurosurgery & Spine Consultants

Chronic Inflammation လို့ခေါ်တဲ့ နာတာရှည် ရောင်ရမ်းခြင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအပြင် လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ လိင်စိတ်ဆန္ဒကို များစွာ ထိခိုက်စေနိုင်ပါတယ်။ Omega-3 Fatty Acids ဓာတ်မှာတော့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိပြီး ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို လျှော့ချပေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အလုံးစုံသော ကျန်းမာရေးကို ကောင်းမွန်စေရုံမက လိင်အင်္ဂါကျန်းမာသန်စွမ်းမှု ၊ လိင်စိတ်ဆန္ဒနိုးကြားတက်ကြွမှု စတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးကိုပါ ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

Source : Healthshots

Featured Photo : OmegaQuant