အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက လီဗာပူးကို မကြိုက်တဲ့ ပရိသတ်တွေကပဲ ရာသီကို အပြီးသတ် ဖျက်သိမ်းစေချင်တာပါလို့ ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ အနည်းဆုံး ဧပြီလ ၃၀ရက်နေ့အထိ ပွဲတွေရပ်ဆိုင်းခဲ့ပေမယ့် လက်ကျန်ပွဲတွေကို ဘယ်လို ပြီးဆုံးအောင် ယှဉ်ပြိုင်သင့်တယ်ဆိုတဲ့အပေါ်မှာ ငြင်းခုံမှုများစွာ ရှိနေခဲ့တာဖြစ်ပြီး လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ နိုင်ပွဲ ၂ ပွဲသာ လိုအပ်တော့တာဖြစ်ပါတယ်။

Photo: Daily Mail

လီဗာပူးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂၅ မှတ်အသာနဲ့ ဉီးဆောင်နေပြီး လိုင်နီကာကတော့ လီဗာပူးအသင်း နှစ်၃၀ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးကို မနှစ်သက်သူတွေကပဲ လွဲချော်စေချင်တာဖြစ်ပြီး ရာသီကို ဖျက်သိမ်းစေချင်ကြတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီရာသီကို အပြီးထိကစားမှ ဖြစ်မယ်ထင်ပါတယ်၊ ဒါပေမယ့် ဒီအခြေအနေတစ်ခုလုံးက ထိလွယ်ရှလွယ်ပြီး အရာအားလုံးထက် ပိုအရေးကြီးတယ်၊ ဘယ်အချိန်မှာ ဒါတွေ ပျောက်သွားမလဲဆိုတာ သိဖို့ ခက်ခဲပါတယ်၊ ကျွန်တော်တို့ ဇွန်လမှာ ပြန်ကစားရနိုင်တယ်၊ အဲ့အချိန်လောက်ဆို တည်ငြိမ်ကောင်းပါရဲ့၊ တံခါးပိတ် ကစားတာက ဘောလုံးပွဲအရသာပျက်စေပေမယ့် ဒါမှပဲ ရာသီကို အဆုံးသတ်နိုင်မှာပါ၊ ဒါက လီဗာပူးကို မကြိုက်သူတွေကလွဲပြီး အားလူံး ဖြစ်စေချင်တဲ့အရာပါပဲ၊ ဒါက အမျှတဆုံးပဲလို့ထင်ပါတယ်”လို့ ဂယ်ရီလိုင်ကာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Source : SportPesa News

လီဗာပူးဟာ လက်ကျန် ၉ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးအပါအဝင် တချို့အသင်းတွေကတော့ ၁၀ပွဲအထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။လက်ကျန်ပွဲစဉ်တွေကို လာမယ့်နွေရာသီမှာ တံခါးပိတ်ကစားသွားစေဖွယ်ရှိတယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် တကယ်လို့သာ ပရီးမီးယားလိဂ်ရာသီဟာ ဇွန်လ ၃၀ ရက်နေ့အထိ မပြီးဆုံးနိုင်ခဲ့ဘူးဆိုရင် ဇွန်လကုန်မှာ စာချုပ်ကုန်မယ့် ကစားသမားတွေရဲ့ ပြဿနာတွေလဲ ရှိမှာဖြစ်သလို လေ့ကျင့်ရေး အပြည့်အဝ မဆင်းရတဲ့အတွက် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကလည်း စိုးရိမ်ဖွယ်ဖြစ်နေတာဖြစ်ပါတယ်။