၉၄ ကြိမ်မြောက် ဟောလီးဝုဒ် အကယ်ဒမီ ဆုပေးပွဲကြီးကတော့ နီးကပ်လာပြီ ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်နေ့ ပစိဖိတ်စံတာ်ချိန် ညနေ ၅ နာရီမှာ ကျင်းပမယ့် Academy Awards ရုပ်ရှင် ပွဲတော်အတွက် တစ်ကြိုစာရင်းတွေလည်း ထွက်နေပါတယ်။ အော်စကာဆုတွေ အနေနဲ့ ပေးသွားမယ့် ဆုတွေကလည်း အများကြီးပါပဲ။ အကောင်းဆုံး ဓါတ်ပုံဆု ၊ အကောင်းဆုံး မင်းသား ဆု ၊ ရုပ်ရှင်မင်းသမီးဆု ၊ အမျိုးသား/အမျိုးသမီး ဇာတ်ပို့ဆု ၊ ဒါရိုက်တာဆု ၊ ဇာတ်ညွှန်းနဲ့ မှတ်တမ်းရုပ်ရှင်ဆုတွေအပြင် ကွန်ပျူတာအထူးပြုလုပ်ချက် အကောင်းဆုံးရုပ်ရှင် ၊ တည်းဖြတ်ဆု ၊ ရုပ်ရှင်ဓါတ်ပုံဆု ၊ တေးဂီတဆု ၊ ထုတ်လုပ်ရေးဒီဇိုင်း ၊ အဝတ်အစားဒီဇိုင်း ၊ မိတ်ကပ်အပြင်အဆင် ၊ အကောင်းဆုံးအသံစနစ် ၊ Visual Effects ၊ Short Film ဆုတွေလည်း ပါဝင်ပါတယ်။ ဒီတစ်ခါမှာတော့ အကောင်းဆုံး ရုပ်ရှင် မင်းသား Oscars ဆုအတွက် တစ်ပြေးနေတဲ့ မင်းသားတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ဂျာဗီယာ ဘာဒမ်း

Javier Bardem

Photo: ustimetoday

စပိန်သရုပ်ဆောင်နဲ့ အောင်မြင်ကျော်ကြားလှတဲ့ နိုင်ငံခြားရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသား ကြီး ဂျာဗီယာ ဘာဒမ်းကို Being the Ricardos ဇာတ်လမ်းနဲ့ Best Actor ဆုရမယ်လို့ မှန်းထားကြပါတယ်။ ရုပ်ရှင်အနုပညာစွမ်းရည်ပြည့်ဝတဲ့ ဒီမင်းသားကြီးဟာ No Country For Old Men ဇာတ်လမ်းအတွက် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အကယ်ဒမီဆု ရခဲ့သလို ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆု နဲ့ ရွှေကမ္ဘာလုံးဆုတစ်ဆုလည်း ရထားသူ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင် Leading Role အကယ်ဒမီ ဆန်ကာတင်စာရင်းအနေနဲ့ ၂၀၂၁ ခုနှစ်အတွက် being The Ricardos ကားနဲ့အပြင် ၂၀၀၀ ပြည့်နှစ်က Before Night Falls ၊ ၂၀၁၀ ပြည့်နှစ်က Biutiful တို့နဲ့လည်း Nominations ဝင်ခဲ့ပါတယ်။

(၂)  ဘန်နီဒစ် ကမ်ဘာဘတ်ချ်

Benedict Cumberbatch

Photo: newyorker

ရှားလော့ခ်ဟုမ်းစ် နဲ့ Dr. Strange မင်းသားကြီး ဘန်နီဒစ် ကမ်ဘာဘတ်ချ်ကို ၂၀၂၁ အကောင်းဆုံး ဇာတ်ဆောင်ဆုစာရင်းမှာ The Power Of The Dog ရုပ်ရှင်နဲ့ ဆန်ကာတင် ၅ ဦးစာရင်းမှာ ဖော်ပြထားပါတယ်။ အင်္ဂလန်မင်းသားကြီးဟာ The Imitation Game မှာလည်း ဆန်ကာတင် ဝင်ခဲ့ပေမယ့် အခုထိတော့ အကယ်ဒမီ မရသေးပါဘူး။ တခြားအနုပညာဆုတွေ ဖြစ်တဲ့ Primetime Emmy Award ၊ British Academy Television Award နဲ့ Laurence Olivier Award တွေတော့ ရထားပါတယ်။ ကျရာ ဇာတ်ရုပ်ကို နိုင်နိုင်နင်းနင်း ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သလို အောင်မြင်တဲ့ ရုပ်ရှင်တွေ တသီကြီး ရိုက်ထားတဲ့ မင်းသား ကြီးအတွက် ကံကောင်းပါစေလို့ပဲ ဆုတောင်းရပါတယ်။

(၃) အန်ဒရူး ဂါးဖီးလ်

Andrew Garfield

Photo: World Today News

အသက် ၃၈ နှစ် ကျော်လာပြီ ဖြစ်တဲ့ Amazing Spider Man မင်းသား ကြီးအတွက်လည်း ဒီနှစ် Oscars ဆန်ကာတင် စာရင်းဝင်လာပြီ ဖြစ်ပါတယ်။ Hacksaw Ridge ၊ Social Network တို့လို ဇာတ်လမ်းကောင်းတွေကို သရုပ်ဆောင်ခဲ့တဲ့သူဟာ ဒီနှစ်အတွက် Tick, Tick…. Boom! နဲ့ အကယ်ဒမီဆန်ကာတင်စာရင်းဝင်တာ ဖြစ်ပါတယ်။ အကယ်ဒမီဆုနှစ်ဆု ဆန်ကာတင်ခဲ့ပြီး Tony Award ၊ British Academy Television Award ၊ Golden Globe Award ၊ Laurence Olivier Award နဲ့ British Academy Film Awards ၃ ဆု ရခဲ့သူပါ။ ဒီနှစ်မှာ Oscars ရမယ်ဆိုရင် အန်ဒရူး ဂါးဖီးလ်အတွက် အနုပညာအရည်အသွေးတစ်ဆင့်မြင့်ကြောင်း အသိအမှတ်ပြုခံရတာနဲ့ အတူတူပဲ ဖြစ်မှာပါ။

(၄) ဝီလ်စမစ်

Will Smith

Photo: indiewire

အကယ်ဒမီဆန်ကာတင် ၄ ကြိမ် ဝင်ခဲ့တဲ့ ဝီလ်စမစ်ဟာ Grammy Awards အပြင် Screen Actors Guild Award နဲ့ Golden Globe Award ဆုတွေ ရထားပါတယ်။ ဒီတစ်ခေါက် ဆန်ကာတင် Best Actor အတွက် Nomination ပေးခံရတဲ့ ဇာတ်လမ်းကတော့ King Richard ကား ဖြစ်ပြီး ဗီးနပ်စ် ဝီလျံနဲ့ ဆီရီနာ ဝီလျံစ်တို့ကို ပျိုးထောင်ခဲ့တဲ့ ဖခင်ဖြစ်သူ ရစ်ချတ်အကြောင်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဝီလ်စမစ်ရဲ့ နှစ် ဖြစ်ဖို့များပါတယ်။

(၅) ဒန်ဇဲလ် ဝါရှင်တန်

Washington

Photo: variety

နာမည်ကျော်ဟောလီးဝုဒ် မင်းသား ကြီး ဒန်ဇဲလ် ဝါရှင်တန်အတွက် အကယ်ဒမီဆုတွေက ရင်းနှီးပြီးသားပါပဲ။ ၁၉၉၀ မှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ၊ ၂၀၀၂ မှာ အကောင်းဆုံးဇာတ်ဆောင်အမျိုးသားဆုတွေ ရထားပြီးသား ဖြစ်ပါတယ်။ ဒီဆုတွေအပြင် FAI Life Achievement Award ၊ Tony Award ၊ Golden Globes ဆုတွေလည်း ရထားပါတယ်။ ၂၀၂၂ အကယ်ဒမီဇာတ်ဆောင်ဆုအတွက် ဒန်ဇဲလ် ဝါရှင်တန် နာမည်ပေါက်ခဲ့တဲ့ The Tragedy Of Macbeth ကား ဖြစ်ပြီး စကော့တလန်ရဲ့ နောက်တက်လာမယ့်ဘုရင်အခန်းကနေ သရုပ်ဆောင်ထားပါတယ်။ ဒီကားက ဝင်ငွေအရတော့ သိပ်မပေါက်သေးပေမယ့် အနုပညာအရ ချီးကျူးမှုတွေ ရထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Featured Photo: variety