အိပ်ရေးမဝတဲ့သူတွေ များနေလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ နည်းလမ်းတွေလည်း ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာ အိပ်စက်မှု လွန်ကဲခြင်း Oversleeping အကြောင်း ပြောချင်ပါတယ်။ Oversleeping ကို Hypersomnia လို့လည်း ခေါ်ကြပါတယ်။ အိပ်စက်မှုလွန်ကဲခြင်းဆိုတာ တစ်ရက်ကို ၁၀ နာရီ ၁၂ နာရီလောက်မှ မအိပ်ရရင် အိပ်ရေးမဝသလို ခံစားရသူတွေ ဖြစ်ပါတယ်။
ကျန်းမာရေးအမြင်အရ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်ရက် ၇ နာရီကနေ ၉ နာရီ အိပ်စက်ဖို့ လိုအပ်ပြီး မွေးကင်းစ ကလေးတွေမှာဆို ၁၁ နာရီကနေ ၁၄ နာရီ လိုပါတယ်။ ဆယ်ကျော်သက်လူငယ်တွေကတော့ ၈ နာရီကနေ ၁၀ နာရီ အိပ်ချိန်ရှိရင် အဆင်ပြေပါတယ်။ ဒီတော့ ကျွန်တော်တို့လို အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်ရက်ကို ၁၀ နာရီ ၊ ၁၂ နာရီအိပ်နေမိတယ်ဆိုရင် ပြဿနာရှိနိုင်ပါတယ်။

Photo: Freepik
Hypersomnia ဝေဒနာကို လူဦးရေရဲ့ ၂ ရာခိုင်နှုန်းခန့် ခံစားနေရတယ်လို့ ဆိုပါတယ်။ အအိပ်လွန်ခြင်းဟာ ပုံမှန်လို ဖြစ်လာပြီဆိုရင် ဆီးချိုသွေးချို ၊ နှလုံး ၊ သွေးတိုးလေဖြတ်နဲ့ သေနိုင်လောက်တဲ့ ရောဂါတွေအထိ ဖြစ်နိုင်ခြေရှိတယ်လို့ ဆေးပညာအယူအဆတွေက ဆိုပါတယ်။ Oversleeping ဆိုတာ ကျန်းမာရေးပြဿနာအမျိုးမျိုးနဲ့ ဆက်စပ်နေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
အိပ်စက်ချိန်လွန်ခြင်းဟာ အထိုင်များခြင်းလိုပဲ စောစောသေနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ မျိုးအောင်မှုလည်း ကျဆင်းနိုင်သလို နာကျင်မှုလည်း ပိုတိုးနိုင်တယ်လို့ ဆိုပါတယ်။ ဦးနှောက်လုပ်ဆောင်ချက်တွေ မမှန်မကန်ဖြစ်လာပြီး မှတ်ဉာဏ်အားနည်းတာ စိတ်ခံစားချက်တွေ ထိခိုက်ပျက်စီးလာတာတွေ ဖြစ်နိုင်ပါတယ်။ Oversleeping သမားတွေလည်း ကိုယ်အလေးချိန်လည်း ကျန်းမာညီညွတ်မှုအားနည်းလာနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်လွယ်ပြီး ကိုယ်ခံအားစနစ်လုပ်ဆောင်ချက် ကျဆင်းနိုင်ပါတယ်။
အိပ်စက်မှုလွန်ကဲခြင်းအားဖြင့် အပေါ်မှာ ပြောခဲ့တဲ့ ရောဂါကြီးတွေအပြင် အဝလွန်ခြင်း ၊ ခေါင်းကိုက်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုဆိုတာ လူပေါ်လိုက်ပြီး ကွဲပြားမှုတော့ ရှိပါတယ်။

Photo: Freepik
ပျမ်းမျှအားဖြင့် တစ်ညကို ၇ နာရီက မျှတတဲ့ အိပ်စက်ချိန်ဖြစ်ပြီး တချို့သူတွေအတွက် အချိန်အနည်းငယ် ပိုပြီး လိုအပ်မှာပါ။ ဒါပေမယ့်လည်း သိပ္ပံဆိုင်ရာ လေ့လာမှုတွေအရ အရွယ်ရောက်သူတစ်ဦးအတွက် တစ်ရက်ကို အိပ်ချိန် ၉ နာရီကျော်ရင် Oversleeping ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
ဒါကြောင့် Oversleeping ဖြစ်တာက ရေရှည်မှာ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံဖြစ်အောင် နေထိုင်ပါ။ တတ်ကျွမ်းသူတွေဆီက ကျန်းမာရေးအကြံဉာဏ်တွေ ရယူပါလို့ တိုက်တွန်းချင်ပါတယ်။
