အပြောစွမ်းရည်ဆိုတာဟာ ကိုယ်ပြောချင်တဲ့စကားတွေကို ပရိတ်သတ်တွေ ရင်ထဲရောက်စေဖို့၊ နားသောတဆင်စေဖွှိုအတွက် အကောင်းဆုံးလက်နက်တစ်ခုပဲဖြစ်ပါတယ်။

ဒီလိုစွမ်းအားပြင်းလွန်းတဲ့ လက်နက်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့ဆိုတာဟာလည်း လူသားတွေအတွက်တော့ စိန်ခေါ်မှုတစ်ခုလိုပါပဲ။ လူသားတွေရဲ့ ဘဝဘက်ပေါင်းစုံမှာ မရှိမဖြစ်လိုအပ်တဲ့ အပြောစွမ်းရည် ကောင်းမွန်လာဖို့အတွက် ကနဦးကြိုတင်တွေးခေါ်မှုတွေ၊ စီစဉ်ကြံဆမှုတွေ အရင်ဆုံးပြုလုပ်ရပါတယ်။

ကိုယ်ပြောသမျှကို နားထောင်ရမယ့် နားဆင်သူတွေရဲ့အချိန်တွေ အလဟဿမဖြစ်ရလေအောင် ပြောမယ့်စကား အစအဆုံးနဲ့ပတ်သက်လို့ သေချာစီစဉ်ထားမှသာလျှင် လူအများရဲ့အာရုံကို ဆွဲဆောင်နိုင်မှာဖြစ်ပြီးတော့ ကိုယ်လိုရာခေါင်းစဉ်ကို ပြောနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ လူအများရှေ့မှာ စကားပြောတဲ့အခါ ပရိတ်သတ်အားလုံးရဲ့စိတ်အာရုံကို ဖမ်းစားနိုင်မယ့် ပြောသူတစ်ဦးဖြစ်အောင် သိထားသင့်တဲ့အချက်လေးတွေကို အရင်ဝေမျှပေးချင်ပါတယ်နော်။

ကိုယ်ပြောမယ့်အကြောင်းအရာပေါ် ယုံကြည်မှုရှိပါ

Source: ishusho.org

ကိုယ့်ကိုယ်ကို ယုံကြည်ဖို့အတွက် အလွန်ခက်ခဲတတ်တဲ့ အခြေအနေမျိုးတွေက ရံဖန်ရံခါ ကြုံလာရတတ်ပါတယ်။ ကိုယ့်မှာဘာအရည်အချင်းမှမရှိဘူး၊ ဘာမှကျွမ်းတာမရှိဘူးဆိုပြီးတော့ ယုံကြည်မှုအားနည်းနေရာကနေ အများရှေ့မှာ စကားပြောတဲ့အခါ ပျင်းစရာကောင်းတာတွေချည်းဖြစ်လာပါတော့တယ်။

မှန်ရှေ့မှာလေ့ကျင့်ပါ

Source: LinkedIn

အပြောကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် ပွင့်ပွင့်လင်းလင်း စကားပြောတတ်ဖို့လိုအပ်ပါတယ်။ မိသားစုဝင်၊ သူငယ်ချင်းတွေရှေ့မှာပြောကြည့်ပေမယ့်လည်း အချိန်အကြာကြီး ထပ်ခါတလဲလဲ နားထောင်လာရတဲ့အခါ ပျင်းလာနိုင်ပါတယ်။ ဒါပေမယ့် မှန်ကတော့ ဒီလိုမဟုတ်ပါဘူး။ ဘာကဘယ်လိုဖြစ်တယ်ဆိုပြီးတော့ ကိုယ့်ကိုအပြစ်တွေချည်းထိုင်ပြောနေမှာမဟုတ်သလို ကိုယ်စကားပြောတဲ့ပုံစံအနေအထားကိုလည်း ပြသပေးပါတယ်။

နားဆင်သူတွေနဲ့ အကြည့်ချင်းဆုံပါ

Source: arshdeepsingh123.blogspot.com

အမှန်တကယ် အပြောကောင်းသူတွေဟာ နားဆင်သူတွေနဲ့ အကြည့်ချင်း ဘယ်တော့မှ ရှောင်မသွားပါဘူး။ စကားပြောနေချိန်တွင်းမှာ မျက်လုံးချင်းဆုံပြီး စကားပြောခြင်းက ကိုယ်ဘယ်လောက်ရင့်ကျက်နေပြီလဲ၊ ဘယ်လောက်ပြင်ဆင်ထားလဲဆိုတာကို ပြသရာရောက်ပါတယ်။ ဒါကြောင့် လက်ထဲမှာရှိတဲ့ မှတ်စုစာအုပ်ကို အချိန်ပြည့်မျက်လုံးရောက်နေမယ့် အစား ပရိတ်သတ်တွေကို ကြည့်ပြီး စကားပြောဆိုလိုက်ပါ။

ကိုယ်ဟန်အနေအထားကို သတိထားပါ

Source: How to Improve Yourself Every day

Presentation လုပ်တော့မယ်သူရဲ့ ကိုယ်ဟန်အနေအထားဟာ ထိုလူနဲ့ပတ်သက်တဲ့ ယေဘုယျအမြင်ပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ သေသေသပ်သပ်ဝတ်စားထားပြီးတော့ အရာရာ ပြင်ပြင်ဆင်ဆင်ရှိရပါမယ်။ စကားပြောနေချိန်မှာလည်း ခါးကြီးကိုင်းနေတာမျိုး၊ နောက်ကျောပေးထားတာမျိုး၊ အိတ်ကပ်တွေထဲ လက်ထည့်ထားခြင်းမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။

Featured Image Source: Noobpreneur.com