ပီအက်စ်ဂျီအသင်းဟာ အခုလာမယ့် နွေရာသီအပြောင်းအရွေ့မှာ ယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ကြီးမားတဲ့ ကမ်းလှမ်းမှုမျိုး ပြင်ဆင်နေပေမယ့် ပြင်သစ်ကြယ်ပွင့်ကတော့ ရာသီကုန်အထိ ၎င်းရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးပဲ ဖြစ်ပါတယ်။

 Paul Pogba is happy to leave his future undecided until the summer as PSG prepare lucrative package

Photo : Man Utd News

Sportsmail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်နေဖို့ကိုလည်း မငြင်းဆိုထားဘူးလို့ သိရပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ပေါ့ဂ်ဘာရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးလေးလထဲကို ရောက်ရှိလာခဲ့ပေမယ့် ၎င်းကွင်းလယ်ကစားသမားရဲ့ အနာဂတ်ကတော့ မရေမရာဖြစ်နေဆဲပါ။

ပေါ့ဂ်ဘာဟာ ပြည်ပကလပ်အသင်းနဲ့ အကြိုသဘောတူစာချုပ်ကို လွတ်လပ်စွာချုပ်ဆိုခွင့် ရရှိထားပေမယ့် လက်ရှိအချိန်အထိ သူ့ရဲ့အနာဂတ်နဲ့ ပတ်သတ်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးတာ ဖြစ်ပါတယ်။ အဲ့ဒီအစား ပြင်သစ်သားဟာ လက်ရှိရင်ဆိုင်နေရတဲ့ ကာလကြာရှည်ပေါင်ခြံဒဏ်ရာကနေ ကြံ့ခိုင်မှုပြန်လည်ရရှိဖို့အတွက်ကို အာရုံစိုက်နေပါတယ်။ ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီကတော့ ပေါ့ဂ်ဘာကို လာမယ့်ရာသီမတိုင်မီ ကြီးမားတဲ့ကမ်းလှမ်းမှုမျိုးနဲ့ ခေါ်ယူရန် အလေးအနက်ထား စိတ်ဝင်စားနေပါတယ်။

အကယ်၍ ပေါ့ဂ်ဘာအနေနဲ့ အခုနွေရာသီမှာ ယူနိုက်တက်အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖြစ်ခဲ့ပါက ၎င်းရဲ့ ကစားသမားဘဝရဲ့ နောက်ထပ် အကျိုးအမြတ်များတဲ့ သဘောတူညီမှု စာချုပ်သစ်တစ်ရပ် ထပ်မံရရှိလာနိုင်ဖွယ်ရှိနေပါတယ်။ ငွေကြေးတောင့်တင်းတဲ့ လီဂူးဝမ်းကလပ်အနေနဲ့ကလည်း ပေါ့ဂ်ဘာကို ပြင်သစ်မြေသို့ ပြန်လည်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပေါ့ဂ်ဘာဟာ မွေးရပ်မြေပြင်သစ်မှာ ရေပန်းစားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့်၂၀၀၉ ခုနှစ်မှာ ယူနိုက်တက်အကယ်ဒမီကိုပြောင်းရွေ့သွားခဲ့တာကြောင့် ပြင်သစ်ရဲ့ အကြီးတန်း ပြည်တွင်းကလပ်တွေမှာ တစ်ခါမှ ကစားဖူးခြင်းမရှိသေးတာ ဖြစ်ပါတယ်။

 Paul Pogba is happy to leave his future undecided until the summer as PSG prepare lucrative package

Photo : The Guardian

ပီအက်စ်ဂျီအသင်းရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုဟာ အသက် ၂၈ နှစ်အရွယ် ပြင်သစ်သားကို ဆွဲဆောင်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြီး ပီအက်စ်ဂျီအသင်းအနေနဲ့လည်း ၎င်းကစားသမားကို ခေါ်ယူနိုင်ခြင်းဟာ စီးပွားရေးအရပါ အကျိုးအမြတ်တစ်စုံတစ်ရာရှိစေတယ်လို့ ယုံကြည်ထားပုံရပါတယ်။

သို့သော်လည်း ပေါ့ဂ်ဘာဟာ ၎င်းရဲ့ အပြောင်းအရွှေ့အတွက် မဆုံးဖြတ်ရသေးဘဲ ယူနိုက်တက်မှာပဲ ဆက်ရှိနေနိုင်ကြောင်း ၎င်းနဲ့ နီးစပ်တဲ့သတင်းအရင်းမြစ်တွေက အခိုင်အမာပြောဆို နေကြပါတယ်။ ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း ပေါ့ဂ်ဘာရဲ့အခြေအနေကို စောင့်ကြည့်နေပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ဖွယ်ရှိနေပါတယ်။

Featured Photo : Daily Mail